သဘာဝမှ ပုံသဏ္ဍာန်များ(Shapes from nature)

May 15, 2011 :: Posted by - MMO :: Category - Architectural

သဘာဝမှ ပုံသဏ္ဍာန်များ(Shapes from nature)

ဗိသုကာ ဆိုင်ရာ ထုသွင် Forms များနှင့် ပုံသဏ္ဍာန် Shapes များဖြစ်တဲ့ အမျိုးမျိုးသော Cone, Cube, cylinder, sphere နှင့် pyramid အစရှိတဲ့ ပုံများအတွက် သဘာဝလောကကြီးဟာ စံပြုစရာ Model တစ်ခုလိုပါပဲ။ ထို့အပြင် ဂျီသြမေတြီ ပုံမဟုတ်တဲ့ ဗိသုကာ Forms များအတွက်လည်း သဘာဝတရားကြီးသာ အတုယူစရာ၊ နမူနာယူစရာ၊ Model ဖြစ်နေပါတယ်။ (ယူကလစ်ဒီရမ်)
သဘာဝတရားဆိုတာ ဘာများပါလိမ့် ဆိုတဲ့ အမေးများရှိလာခဲ့မယ်ဆိုရင်… ဒီနေရာမှာ ရုပ်ဝတ္တုပိုင်း အားဖြင့် လူသားတို့ ဖန်တီးထားတာ မဟုတ်တဲ့ ကမ္ဘာမြေပြင်နှင့် ပတ်ဝန်းကျင်ရှိ အစိတ်အပိုင်း အားလုံးကို ဆိုလိုပါတယ်။ ဥပမာ ဆိုရရင် နေ၊ လ၊ နက္ခတ် တာရာများ အပါအဝင် ကောင်းကင်ပြင်ကြီး နှင့် မိုးသား တိမ်လိပ်၊ တိမ်စိုင်များ။ ကမ္ဘာမြေပြင်ပေါ်ရှိ သစ်ပင်၊ ပန်းပင်၊ သစ်သီး၊ သစ်ဥ၊ သစ်ရွက်၊ သစ်ဖက် အစရှိတဲ့ အရာများ၊ ကျောက်တုံး၊ ကျောက်စိုင်၊ ကျောက်ခဲ အစရှိတဲ့ အရာများ၊ ပင်လယ်သမုဒ္ဒရာအတွင်း မှီတင်းနေထိုင်ကြတဲ့ ခရုခွံ၊ ကမာခွံ အစရှိတဲ့ သက်ရှိ နှင့် သက်မဲ့ရုပ်ကြွင်းများ။ လူသားနှင့် သက်ရှိတို့၏ ဖန်တီးမှုကြောင့် မဟုတ်ပဲ ဆန်းကြယ်သော သဘာဝ ဖြစ်စဉ်အရ အလိုအလျှောက် ဖြစ်ပေါ်တည်ရှိနေတဲ့ အထက်ပါ အရာအားလုံးပါပဲ။
အဲဒီလို သဘာဝ ပစ္စည်းတွေကနေ ကျနော်တို့အတွက် သစ်ဆန်းတဲ့ ဒီဇိုင်းတွေ ဖန်တီးနိုင်လာပါတယ်။ သေးငယ်တဲ့ အရာတွေကို အနီးကပ်လေ့လာကြည့်ခြင်း၊ ကြီးမားတဲ့ အရာတွေကို ဝေးကွာတဲ့ နေရာကနေ ကြည့်ခြင်း အစရှိတဲ့ လုပ်ဆောင်မှုတွေကနေ Shape, color, texture နှင့် Form အစရှိတဲ့ အရာတွေအတွက် အတွေးအမြင်တွေ ပုံဖော်ရရှိနိုင်ပါတယ်။

 

 

 

 

 

 

 

 

 

 

 

 

ကျနော်တို့ရဲ့ အင်္ကျ ီအဝတ်အစားများပေါ်သို့ကျရောက်လာတဲ့ နှင်းပွင့် နှင်းစက်ကလေးများကို မှန်ဘီလူးဖြင့် အဆချဲ့ကြည့်မည်ဆိုလျှင် အဲဒီနှင်းပွင့်လေးတွေဟာ တစ်ခုနှင့် တစ်ခု မတူညီပေမယ့် တူညီတဲ့ သဏ္ဍာန်ရှိနေတာကို တွေ့နိုင်မှာပါ။ ဥပမာဆိုရရင် ခြောက်ထောင့် ကြယ်ပုံစံကဲ့သို့သော ပုံစံလေးများ ဖြစ်ပေါ်နေတတ်ပါတယ်။ အဲဒီပုံလေးတွေဟာ ဗဟိုကနေ အပြင်ကို ဗဟုဂံပုံ အချိုးညီ ဖြာထွက်နေတဲ့ ပုံများလည်း ဖြစ်နေပါမယ်။ အဲဒီလို နှင်းပွင့် သဏ္ဍာန်လေးလိုပဲ ၁၂ ရာစုအလယ်ပိုင်းက Gothic cathedrals ဂိုးသစ် ဘုရားကျောင်းများမှာ (နှင်းဆီ ပြူတင်း) Rose windows များကို တပ်ဆင်ခဲ့ကြပါတယ်။

 

 

 

 

 

 

 

 

 

 

 

အောက်ကပုံမှာ ပြထားတဲ့ အီရက်နိုင်ငံမှာရှိတဲ့ Great Mosque of Samarra ဗလီဘုရားရှိခိုး ကျောင်းကြီးရဲ့ ခွေလိမ်ရစ်တတ်သွားသော ခရုပတ်ပုံ နှင့် အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဒေးလတ်စ် မြို့ (Dalas)ရှိ ဗိသုကာ Phillip Johnson နှင့် John Burgee တို့တည်ဆောက်ထားတဲ့ Thankisgiving square chapel ရဲ့ အပြင်ဒီဇိုင်းနှင့် အတွင်း ဒီဇိုင်းတို့ဟာ သဘာဝတရားက ဖန်တီးထားတဲ့ ပင်လယ်ခရု တစ်ခုရဲ့ သဏ္ဍာကို ရယူတည်ဆောက်ထားခြင်းပါ။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 
Great Mosque of Samarra

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Thankisgiving square chapel

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

seashells(ပင်လယ်ခရုများ)

အမေရိကန်လူမျိုး အင်ဂျင်နီယာ engineer, စာရေးဆရာ author, ဒီဇိုင်နာ designer, တီထွင်သူ inventor နှင့် စက်မှုစွမ်းအားနှင့် ပြင်းပြင်းထန်ထန် လှုပ်ရှားမှုကို အသားပေးသရုပ်ဖေါ်သော (၂ဝရာစု နှစ်ဦးပိုင်းမှ ) ပန်းချီပန်းပုအနုပညာရှင်(futurist) အစရှိတဲ့ ဂုဏ်ထူးဝိသေသများနှင့် ပြည့်စုံတဲ့ Richard Buckminster “Bucky” Fuller (July 12, 1895 – July 1, 1983) ဟာ အဲဒီလို သဘာဝတရားရဲ့ပုံစံမှာ အိုင်ဒီယာ ရယူပြီး Godesic dome လို့ခေါ်တဲ့ Structure တစ်ခုကို ဒီဇိုင်းပြုလုပ်ခဲ့ပါတယ်။ သူရဲ့ ဒီဇိုင်းဟာ Alveoli cell တွေနှင့် ပုံသဏ္ဍာန် ဆင်တူတယ်လို့ ဆိုပါတယ်။ (ကျနော့အမြင်တော့ ပျားအုံပုံသဏ္ဍာန့် နဲ့ တူတယ်ထင်မိပါတယ်…။) သူ့အနေနဲ့ သူ့ရဲ့ ထုလုံးခုံးသံဗရာခြမ်းကြီးရဲ့ အခြေခံ အလုံးပုံစံရဖို့ ဖြောင့်တန်းတဲ့ ဆောက်လုပ်ရေး Material တွေ အသုံးပြုပြီး အလွယ်တကူ ဆက်သွယ်နိုင်မယ့် နည်းလမ်းတွေ ကြံဆတီထွင် စီစဉ်ပြုလုပ်ခဲ့ပါတယ်။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

နောက်တစ်ခုက သြစတြီးယား နိုင်ငံရှိ ဆစ်ဒနီပြဇတ်ရုံ (The Opera House in Sydney, Austrila) ရဲ့ အမိုးတွေဟာ ခရုခွံနှင့် သဏ္ဍာန်တူ တည်ဆောက်ထားပါတယ်။

 

 

 

 

 

 

Andre’ Morisseau တည်ဆောက်ထားတဲ့ ပြင်သစ်နိုင်ငံမှာရှိတဲ့ ဈေးတစ်ခုမှာတော့ သမုဒ္ဒရာထဲမှာ တွေ့နိုင်တဲ့ ပင်လယ်ခရုဖြူတစ်မျိုးနှင့် သဏ္ဍာန်တူ ပါတယ်။ အောက်က ပုံတွေကို နှိုင်းယှဉ်ကြည့်ပါ။

 

 

 

 

 

 

 

 

 

 
White Shell

 

 

 

 

 

 

 

 

 

 

 

Market Place ,Royan, France; Andre’ Morisseau

ကျောက်တုံးကျောက်ဆောင်တွေဟာ သဘာဝ၀န်းကျင်မှာ အရေးပါတဲ့ အရာတခု ဖြစ်ပါတယ်။ ဒါကြောင့် ကျောက်သားတွေကို အဆောက်အအုံ ဆောက်လုပ်တဲ့ ပစ္စည်းအဖြစ် အသုံးပြုထားတဲ့ အဆောက်အအုံတွေဟာ ပိုပြီး သဘာဝဆန်ပါတယ်။

 

 

 

 

 

 

 

 

 

အပေါ်က ပုံလေးက တော့ ရှေးဦးသဘာဝကျောက်တုံးအိမ် ရိုးရိုးလေး တစ်လုံးပါ။ အဲဒီပုံဟာ အခြေခံ သေတ္တာ တစ်လုံးပုံသဏ္ဍာန်ပဲ ရှိနေပါသေးတယ်။ ကျောက်တုံး မျက်နှာပြင်တွေက တော့ ဘေးက သစ်ပင်တွေ၊ သစ်ကိုင်းတွေ အစရှိတဲ့ သဘာဝ အရာတွေနှင့် ဟာမိုနီကျလိုက်ဖက် တင့်တယ်နေပါတယ်။

အောက်က ပုံမှာ မြင်ရတဲ့ ဆက်ပြာဘူဘောင်းလေးတွေ ဆပ်ပြာမြှုပ်လေးတွေကို တွေ့ဖူးကြမှာပါ။

 

 

 

 

 

 

 

အဲဒီလိုပဲ ဆပ်ပြာပူပေါင်းလေးတွေ ကို သေချာ ဂရုစိုက်ကြည့်မယ်ဆိုရင် တစ်ခုနှင့် တစ်ခု တူမယောင်နှင့် ကွဲနေတာကို သတိထားမိနိုင်ပါတယ်။

 

 

 

 

 

 

 

 

 

သလင်းကျောက်လို့ ကျနော်တို့တွေ သိနေတဲ့ Crystal ကျောက်ကလေးတွေမှာ သဘာဝမှာရှိတဲ့ ပုံသဏ္ဍာန်တွေ အတော်များများ ရဲ့ ပုံသဏ္ဍာန်ပုံသွင်တွေကို တွေ့နိုင်ပါတယ်။ ဂျီသြမေတြီပုံတွေဖြစ်တဲ့ regular shape, straight line အစရှိတဲ့ ပုံသဏ္ဍာန်လေးတွေ အဲဒီသလင်းကျောက်မှာ တစ်ခုနှင့် တစ်ခု တူညီသယောင်နှင့် မတူညီပဲ ကွဲပြားစွာတွေ့နိုင်ပါတယ်။

ဗိသုကာတွေဟာ သူတို့ရဲ့ ဒီဇိုင်းတွေ ပြုလုပ်ရာမှာ Boxes ပုံသဏ္ဍာန်နှင့်သာ အများအားဖြင့် ပြုလုပ်ကြခြင်းဟာ အဆင်ပြေလွယ်ကူစွာ လုပ်နိုင်ကြလို့ပါ။ T-square၊ Compasses အစရှိတဲ့ ပုံဆွဲ ကိရိယာများနှင့် အလွယ်တကူ အဖြောင့်မျဉ်းများ အမတ်မျဉ်းများ ဆွဲသားနိုင်သောကြောင့် ပြုလုပ်ကြခြင်းလည်း ဖြစ်ပါတယ်။ ဒါကြောင့် များသော အားဖြင့် သဘာဝရဲ့ တည်ဆောက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ပုံသဏ္ဍာန်တွေ မှီးယူခြင်းကို တတ်နိုင်သမျှ လစ်လျှူရှုတတ်ကြပါတယ်။ လွယ်ကူတဲ့ အဖြောင့် ဒီဇိုင်းများဖြင့်သာ အဆောက်အအုံများကို တည်ဆောက်တတ်ကြပါတယ်။

 

 

 

 

 

 

 

 

 

သို့သော်လည်း အထက်က ပုံမှာ ပြထားတဲ့ အီတလီနိုင်ငံ(Italy), Cisternino အနီးနား မှာရှိတဲ့ Rural community, Trulli ဆိုတဲ့ အဆောက်အအုံများ တည်ဆောက်ထားမှုကတော့ တစ်ခုလုံးအတွက် ကျွမ်းကျင်မှုတွေ၊ ကိရိယာတန်ဆာပလာတွေ နှင့် အသိအမြင် နည်းပညာ အသစ်တွေ လို့အပ်နေပါလိမ့်မယ်။ ဒီလိုအိမ်မျိုးတွေကတော့ ပျော့ပြောင်းတဲ့ဟန်၊ မာကြောကြမ်းတမ်းမှုမရှိတဲ့ သဏ္ဍာန်တွေကြောင့်
သဘာဝတရားနှင့် ပိုမို နီးစပ်တယ်လို့ ဆိုနိုင်ပါတယ်။ အဆောက်အအုံ တစ်ခုနှင့် တစ်ခု ဆင်တူသဏ္ဍာန်ရှိသော်လည်း အကုန့်အသတ် မရှိတဲ့ အလွှဲအပြောင်းတွေကြောင့် နှစ်သက်စဖွယ်ဖြစ်နေပါတယ်။
တခါတလေမှာ ကျနော်တို့တွေရဲ့ အဆောက်အအုံမှာ သဘာဝတရားရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်စေလိုသောစိတ်ခံစားမှုအတွက် တစ်ခုတည်းသော ဖန်းတီးနိုင်တဲ့ ပညာကတော့ Landscape Architecture မြေခင်းဗိသုကာ ပညာပဲ ဖြစ်ပါတယ်။ ပန်းပင်တွေ၊ မြက်ခင်းတွေ၊ ချုံပင်တွေ၊ သစ်ပင်တွေ၊ သစ်ကပ်နွယ်ပင်တွေ အစရှိတဲ့ အပင်များ စိုက်ပျိူးပြုပြင်ခြင်းဖြင့် နေထိုင်တဲ့သူတွေကို နွေးထွေးမှု၊ စိတ်ချမ်းသာမှု၊ ဆွဲဆောင်နိုင်မှု၊ သာယာကြည်နူးမှုစတဲ့ စိတ်ကျေနပ်စေမှုများကို သာမန် အကြမ်းထည် အဆောက်အအုံထက် ပိုမိုပေးစွမး်နိုင်ပါတယ်။
အချုပ်အားဖြင့် ဆိုရရင် ကျနော်တို့ အနီးပတ်ဝန်းကျင် အိမ်အနီးတဝိုက်၊ ရပ်ကွက်၊ မြို့ရွာ အနီးတဝိုက်၊ တောတောင်ရေမြေ၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ပင်လယ်ကမ်းခြေ အစရှိတဲ့ နေရာများကို သွားရောက်လေ့လာ စူးစမ်း၍လည်းကောင်း၊ ဇီဝဗေဒနှင့် ခန္ဓာဗေဒ အစရှိသော စာအုပ်စာတမ်းများမှ ပုံစံများ ကိုလေ့လာခြင်းဖြင့်လည်းကောင်း သဘာဝတရားမှ ဖန်တီးထားသော သက်ရှိသက်မဲ့အရာဝတ္ထုများမှ ထူးခြားဆန်းသစ်သော ဒီဇိုင်းများပြုလုပ်နိုင်စေကြောင်း။

လေးစားစွာဖြင့်
MMO

 

 

ပြင်ညီမျက်နှာပြင်များ(Planes)

April 08, 2011 :: Posted by - MMO :: Category - Architectural, Design Theory

ပြင်ညီမျက်နှာပြင်များ(Planes)

ပြင်ညီမျက်နှာပြင်ကို ကျနော်တို့ ပတ်ဝန်းကျင်မှာ ရှိတဲ့ပစ္စည်းအတော်များများမှာ တွေ့နိုင်ပါတယ်။ နံရံ(Walls)၊ မျက်နှာကြက်(Ceilings)၊ ကြမ်းခင်း(Floors)စတဲ့ အရာတွေလို မျက်နှာပြင် ညီညာပြန့်ပြူးနေတဲ့ အရာ အားလုံးကို ပြင်ညီမျက်နှာပြင်(Planes) များအဖြစ်သတ်မှတ်ပါတယ်။ ပြင်ညီဆိုတာ ဘယ်လိုဖြစ်နိုင်သလဲ။ ပြင်ညီတစ်ခုကို ဖန်တီးမယ်ဆိုရင် ဘယ်လိုဖန်တီးနိုင်မလဲ။ နားလည်လွယ်အောင် ပြောရမယ်ဆိုရင် မြေဖြူတစ်ချောင်းနှင့် သင်ပုန်းတစ်ချပ်ပေါ်မှာ မျဉ်း(line) တစ်ကြောင်းဆွဲသားနိုင်တယ်ဆိုတာ သိမှာပါ။ အဲဒီမြေဖြူကို သင်ပုန်းမျက်နှာပြင်ပေါ်မှာ လှဲကိုင်လိုက်ပြီး မျဉ်းဖြောင့် ဆွဲသလို ရှပ်တိုက် ဆွဲလိုက်မယ်ဆိုရင် ပြင်ညီ(plane) တစ်ခုအဖြစ်ဆွဲသားပြီး ဖြစ်သွားပါတယ်။

နောက် ဥပမာအနေနှင့် အပေါ်ကို ခေါက်တင်ထားသော ယင်းလိပ်(သို့မဟုတ်) လိုက်ကာ တစ်ခုကို အောက်သို့ဖြေချလိုက်ခြင်းဟာလည်း ပြင်ညီ(plane) တစ်ခုဖြစ်ပေါ်နိုင်စေတာပါပဲ။
ပုံသဏ္ဍာန် shapes အမျိုးမျိုးရှိတဲ့ ပြန့်ပြူးတဲ့ အရာဝတ္ထုတွေကို ကျနော်တို့တွေ တွေ့ဖူးမြင်ဖူးကြမှာပါ။ အဲဒီ Shapes တွေဟာ ပြင်ညီ(plane) ရဲ့ သွင်ပြင်လက္ခဏာတစ်ခုပါပဲ။ ဒါကြောင့် ပြင်ညီ(plane) ဆိုတာကို အမည်အမျိုးမျိုးနှင့် ရှိနေနိုင်ပါတယ်။ ဥပမာအားဖြင့် စက်ဝိုင်းပြင်ညီ(Circular Plane)၊ တြိဂံပြင်ညီ(Triangle Plane)၊ စတုဂံပြင်ညီ( Rectangular) စသည်ဖြင့် သီးခြားဂျီသြမေတြီပုံစံအနေနှင့် ရှိနေနိုင်သလို အဲဒီ ပုံစံတွေ မျိုးစုံပေါင်းစပ်ထားတဲ့ ပြင်ညီတွေ အဖြစ်လည်း ရှိနေနိုင်ပါတယ်။ အောက်က ပုံလေးတွေကို နမူနာအဖြစ်လေ့လာကြည့်နိုင်ပါတယ်။

အဲဒီလို ပြင်ညီတွေကို ဗိသုကာပညာရှင်တွေဟာ အိမ်တွေ ၊ အဆောက်အအုံတွေ Plan ထုတ်ရာမှာ များစွာ အသုံးပြုကြပါတယ်။ Overhead plane တွေအဖြစ် (အိမ်ခေါင်မိုး)Roof တွေ၊ မျက်နှာကြက် (Ceiling) တွေ၊ အဖြစ်တွေ့နိုင်ပါတယ်။ Wall plane တွေအဖြစ် အိမ်တွေရဲ့ နံရံ(Wall)တွေ အဖြစ်တွေ့နိုင်ပါတယ်။ တံခါးပေါက်(Door)၊ ပြူတင်းပေါက်(Window) တွေဟာ wall plane ရဲ့ အစိတ်အပိုင်းတွေပါပဲ။ Base plane တွေအဖြစ် မြေပြင်(Ground) သို့မဟုတ် ကြမ်းခင်း၊ ကြမ်းပြင် (Floor) တွေအဖြစ် တွေ့ရမှာပါ။ အဲဒီလို ပြင်ညီမျက်နှာပြင်တွေ အသုံးပြုရာမှာ ဘယ်လိုနေရာမှာပဲ အသုံးပြုပါစေ လျောစောက်(slope) အဖြစ်ပြုလုပ်၍ လည်းကောင်း၊ မြင့်တတ်(rise) သော အမတ် အထောင်အဖြစ် ပြုလုပ်၍ လည်းကောင်း၊ နိမ့်ချ(lower)၍ လည်းကောင်း အပြောင်းအလဲ တစ်မျိုးမျိုးပြုလုပ်ခြင်းကို ဗိသုကာတွေ ပြုလုပ်တတ်ကြပါတယ်။ အဲဒီလို အသုံးပြုခြင်းကြောင့် ပိုမိုစိတ်ဝင်စားမှုဖြစ်စေ နိုင်သလို၊ လှပသော ၊ ဆန်းသစ်သော ပုံစံတွေ အဖြစ်လည်း ပြောင်းလဲ ဖန်တီးတတ်ကြပါတယ်။

Lines တွေကိုပေါင်းစပ်ပြီး shape အဖြစ်လုပ်နိုင်သလို Planes တွေပေါင်းစပ်ပြီး ထုသွင် form (volume) အဖြစ် ပြုလုပ်နိုင်ပါတယ်။  (Boundary and descriptive relationship)
Planes တွေကို volume(form) ပြုလုပ်ရန်အတွက် ပတ်လည်ကာရံပေးရပါတယ်။ Lines တွေကို shape ပြုလုပ်ဖို့ရန်အတွက် outline ဘောင် အဖြစ် အသုံးပြုပါတယ်။ ဒါဟာ Boundary determiners အဖြစ် အသုံးပြုလိုက်ခြင်းပါ။
ဗိသုကာပညာဆိုတာ အမှန်တကယ်အားဖြင့် ထုသွင် နှင့် ဟင်းလင်းပြင်တို့ရဲ့ သုံးဖတ်မြင် ဆက်သွယ်ချက်ကို ဖော်ပြတဲ့ အမြင်ဆိုင်ရာ အနုပညာတစ်ရပ်ပါ။ ဒါကြောင့် Planes တွေဟာ ဗိသုကာပညာရပ်မှာ အလွန်အင်မတန်ကို အရေးပါလှပါတယ်။

Planes တွေရဲ့ မြင်ကွင်းဆိုင်ရာ အရည်အသွေးတစ်ရပ်ကတော့ ယင်းတို့ကို ဘောင်ခတ်ခြင်းဖြင့် volume နှင့် space တွေရဲ့ qualities များကို သတ်မှတ်ပေးနိုင်ခြင်းပါ။  planes တွေကို တွန့်ခြင်း၊ ခေါက်ခြင်း၊ လိပ်ခြင်း၊ အပေါက်ဖေါက်ခြင်း အစရှိတာတွေ ပြုလုပ်ပြီး ရိုးရိုးပြင်ညီမျက်နှာပြင်ကို စိတ်ဝင်စားဖွယ်ဖြစ်အောင်၊ အဆန်းတကြယ်ဖြစ်အောင် စိတ်ကူးဆန်းသစ်သလို အသွင်ပြောင်းလဲ ပြုပြင်နိုင်ပါတယ်။
အခုလောက်ဆိုရင် ဗိသုကာ ပညာရပ်မှာ ပြင်ညီမျက်နှာပြင် Planes များရဲ့ အသုံးချမှု၊ အသုံးဝင်မှုတွေကို နားလည်သိရှိနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

MMO

5 people like this post.

The Function(ဆောင်တာ) နှင့် The Form(ထုသွင်)

April 06, 2011 :: Posted by - MMO :: Category - Architectural, Design Theory

The Function(ဆောင်တာ) နှင့် The Form(ထုသွင်)

ဆရာ ဒေါက်တာလွင်အောင်က Function ဆိုတဲ့ စကားလုံးကို ဆောင်တာ လို့ဘာသာပြန်ထားတာ ဗိသုကာဒဿန ဆိုတဲ့ ဆောင်းပါးမှာ ဖတ်ရှုခဲ့ရပါတယ်။ အဲဒီကနေ ဆောင်တာဆိုတဲ့ စကားလုံးလေးကို ယူထားပါတယ်။
အဆောက်အအုံတစ်လုံးရဲ့ ဆောင်တာ Function ဆိုတာ အဲဒီအဆောက်အအုံရဲ့ ထုသွင် Form အတွက် အင်မတန် လွှမ်းမိုးမှုရှိပါတယ်… ဆိုသော အချက်ကို ကျနော်တို့တစ်တွေ သတိထားမိပါသလား။

အဲဒီအကြောင်းကို ကျနော်တို့ ပတ်ဝန်းကျင်မှာရှိတဲ့ အဆောက်အအုံများထဲမှ ဆပ်ကပ်တဲများကို လေ့လာကြည့်မယ်ဆိုရင် Function နှင့် Form တို့အတွက် အကောင်းဆုံးနှင့် အသင့်လျှော်ဆုံး ဥပမာပင်ဖြစ်ပါတယ်။ ဆပ်ကပ်တဲ တွေဟာ သာမန်မဟုတ်တဲ့ Function တွေလိုအပ်တဲ့ အဆောက်အအုံ တစ်မျိုးပါ။ ဆပ်ကပ်အဖွဲ့သားတွေ မြို့ရွာထဲမှာ ရောက်ရှိလာရင် မြို့ထဲမှာပဲ တည်ဆောက်ထားရှိရပါတယ်။ နောက် ရက်အနည်းငယ် စတည်းချ နေထိုင်ကြရပါမယ်။ အဲဒီနောက် ပြပွဲပြသပြီးချိန်မှာတော့ ပြန်လည်ထုတ်ပိုးပြီး အဲဒီနေရာက စွန့်ခွါလို့ တခြားအရပ်ကို ပြောင်းရွေ့ကြရ ပြန်ပါတယ်။ အဲဒီတော့ အဲဒီဆက်ကပ်ရုံမှာ ဆပ်ကပ်ပွဲကို လာရောက်ကြည့်ရှု့တဲ့ လူပေါင်းများစွာကို မိုးဒါဏ်၊ လေဒါဏ်၊ နေဒါဏ်တို့မှ လုံခြုံအောင် ကာကွယ်ပေးနိုင်ရပါမယ်။ နောက်ပြီး ဆပ်ကပ်တဲကို တည်ဆောက်တပ်ဆင်ရာနှင့် ပြန်လည်ဖြုတ်ယူ သိမ်းဆည်းရာတို့မှာလည်း လွယ်ကူအောင် စီမံထားရပါမယ်။ နောက် သယ်ယူရလွယ်ကူအောင်ပါ စီမံထားရပါမယ်။ အမြင့်ကိုလည်း ကောင်းကင်ကြိုးဘား ကစားသူတွေအတွက် ကောင်းစွာပြသ ကစားနိုင်အောင် မြင့်မြင့်မားမား တည်ဆောက်ထားရပါမယ်။ အဲဒီတော့ ဆပ်ကပ်တဲ တစ်လုံးဟာ ကြီးမားရမယ်။ ရောင်သွေးစုံလင်စွာ ရှိနေရမယ်။

ဒါတွေအပြင် ဖြုတ်သိမ်း လွယ်ကူပြီး ထရက်ကား(ကုန်တင်ကား) သို့မဟုတ် ရထားလမ်းပေါ်မောင်းနှင်နိုင်သော ကားရထားတို့ဖြင့် သယ်ယူရွှေ့ပြောင်းနိုင်အောင် စီမံထားရပါမယ်။ ထို့အပြင် အကယ်၍ ကုန်တင်ကားကြီးရဲ့ မော်တာစက်ပစ္စည်းတစ်ခုခု ပြင်ဆင်ဖို့လိုအပ်တယ်ဆိုလျှင်လည်း ကားဂိုထောင်အတွင်း ဆွဲယူပြင်ဆင်နိုင်အောင် ကားကြီးရဲ့ အရွယ်အစားကိုလည်း  အဆောက်အအုံရဲ့ Function တစ်ခုအဖြစ် ထည့်သွင်းတွက်ချက်ထားရပါမယ်။ ပုံသဏ္ဍာန်ဟာ ကားရဲ့အရှည်၊ အမြင့်အတိုင်း တည်ဆောက်ဖို့ နှင့် တံခါးများကိုလည်း ကားကြီး ဝင်ထွက်နိုင်အောင် ပြုလုပ်ထားဖို့ လိုအပ်ပါတယ်။ နောက် ကားရဲ့ အောက်မှ စက်များပြုပြင်နိုင်ရန် အလုပ်သမားဝင်ရောက်နိုင်ဖို့ Pit ကျင်းတစ်ခုလည်း ထားရှိရပါမယ်။ နောက် လေဝင်လေထွက် ventilation အထူးကောင်းမွန်အောင် air fans များ၊  Opening များ နှင့် Outlet များကိုလည်း ပြုလုပ်ထားရှိရပါမယ်။ အထက်ပါ လိုအပ်ချက်တွေ အားလုံးဟာ အဆောက်အအုံရဲ့ ပုံစံမှာ သက်ရောက်နေမယ့် အချက်များဖြစ်ပါတယ်။ အကြမ်းပြောရရင် ဆက်ကပ်ပြပွဲတစ်ခုအတွက် အဓိကလိုအပ်တဲ့ အဆောက်အအုံကတော့ ကြီးမားပြီး၊ အရောင်အသွေးစုံလင်စွာရှိနေမယ့် တဲကြီးတစ်လုံးပါပဲ။

အခုပြောတဲ့ သဘောတရားအတိုင်းပင် အဆောက်အအုံများနှင့်ပတ်သတ်ပြီး Function မှ Form အပေါ်တွင် လွှမ်းမိုးမှု မည်မျှအထိရှိကြောင်းကို သိနိုင်မယ်ထင်ပါတယ်။

Louis Sullivan (September 3, 1856 – April 14, 1924) “father of skyscrapers” လို့ နာမည်ကျော်တဲ့ အမေရိကန် အာခီတတ်ကြီးက သူ့အန္တေဝါသိကဖြစ်တဲ့ Frank Lloys Wright ကို ” Form follows function” ဆိုတဲ့စကားကို ပြောခဲ့ဖူးပါတယ်။ အသို့ဆိုစေ အချို့ အဆောက်အအုံတွေကတော့ သူတို့ရဲ့ Function တွေ ကောင်းမွန် အဆင်ပြေ သော်လည်းပဲ သူတို့ရဲ့ Form က အင်မတန်အရုပ်ဆိုး အကျည်းတန်နေတာ၊ ပုံတုံးကြီးဖြစ်နေတာကို တွေ့ရတတ်ပါတယ်။

ကဲ ကျနော်တို့တွေ Function ဆောင်တာ နှင့်ပတ်သတ်ပြီး လက်တွေ့ ကျနော်တို့ဝန်းကျင်မှာ ရှိတာတွေနှင့် ယှဉ်ထိုး နှိုင်းယှဉ်မယ် ဆိုရင် ဘယ်လောက်များများ စဉ်းစားမိကြပါမလဲ…။ ဥပမာအနေနဲ့ ပြောရရင်.. ခဲချွန်စက် တစ်ခုမှာ ခဲတံချွန်ဖို့ ဓါးလေး မပါဘူးဆိုရင်၊ အမှိုက်တောင်းတစ်ခုမှာ အောက်ခံမပါဘူးဆိုရင်၊ သွားတိုက်တံတစ်ခုမှာ သွားတိုက်ဖို့ အမွှေးကြမ်းတွေ မပါဘူးဆိုရင်၊ နောက် ဥပမာ တစ်ခုအနေနဲ့ အိမ်တစ်လုံးမှာ အမိုးမပါခဲ့ဘူးဆိုရင် အစရှိတဲ့ အဓိကလိုအပ်ချက် ဆောင်တာတွေ မပါတဲ့ ကိရိယာတွေ၊ ပစ္စည်းတွေကို စဉ်းစားမိကြမှာပါ။ ဒါဆိုရင် ဆောင်တာ ဆိုတာ ဘယ်လိုအရာလဲ ဆိုတာ ပိုပြီး ရှင်းရှင်းလင်းလင်း သိနိုင်မယ်ထင်ပါတယ်။

ကျနော် အရင်က ရေးခဲ့ဖူးတဲ့ ပတ်ဝန်းကျင်ကို တည်ဆောက်ခြင်း(Built Environment) မှ The Three Bears ပုံပြင်မှ ပစ္စည်းများကို မှတ်မိကြမယ်ထင်ပါတယ်…။ အဲဒီထဲမှ အချို့ ပစ္စည်းတွေဟာ ဇာတ်ဆောင် ဂိုဒီလော့လေးအတွက် အဆင်မပြေဖြစ်နေပြီး အသုံးမဝင်ပါဘူး။ အချို့ပစ္စည်းတွေဟာတော့ သူမနှင့် အံဝင်ခွင်ကြ သင့်တော်နေတာကိုတွေ့ နိုင်မှာပါ။ ဘယ်ပစ္စည်းတွေဟာ သူမနှင့် အဆင်ပြေခဲ့တယ်ဆိုတာ မှတ်မိပါသလား။ အဲဒီသူမနှင့် အဆင်ပြေတဲ့ ပစ္စည်းတွေဟာ သူမအတွက် သူမရဲ့ အရွယ်အစားနှင့် ကိုက်ညီပြီး သူမလိုအပ်ချက်နှင့် ပြည့်စုံတဲ့ ပစ္စည်းတွေပါပဲ။ အဲဒီတော့ အဲဒီပစ္စည်းတွေဟာ သူမအတွက် Functional things တွေလို့ ပြောနိုင်ပါတယ်။ တနည်းပြောရရင်
အသုံးဝင် အသုံးကျတဲ့ ပစ္စည်းတွေလို့ ဆိုနိုင်ပါတယ်။

တခါတရံမှာ အသုံးပြုတဲ့ ပစ္စည်း materials တွေကလည်း အရာဝတ္ထုတစ်ခုကို အသုံးပြုလို့ ဖြစ်နိုင်မဖြစ်နိုင်ဆိုတာ လွှမ်းမိုးတတ်ပါတယ်။ ဥပမာပြောရရင် ခေါင်းအုံးတွေကို သံမဏိနှင့် ပြုလုပ်ထားမယ်ဆိုရင် အဘယ်သို့ ရှိမလဲ။ အင်မတန် အိပ်လို့ ကောင်းမယ်လို့ ထင်ပါသလား။ နောက် သစ်သားဖြင့်ပြုလုပ်ထားတဲ့ တံခါး၊ ပြူတင်းပေါက်များ ဆိုရင်ရော အဆင်ပြေကြပါမလား။ အဆင်ပြေတယ်ဆိုရင်ရော ဘာကြောင့်များ အဆင်ပြေကြပါသလဲ ဆိုတာ စဉ်းစားနိုင်ကြမယ်ထင်ပါတယ်။ အသုံးပြုတဲ့ ပစ္စည်းက သုံးစွဲသူရဲ့ လိုအပ်ချက်နှင့် အဆင်ပြေ ကိုက်ညီဖို့လိုအပ်နေလို့ပါပဲ။

ကျနော်တို့ ပတ်ဝန်းကျင်မှာရှိတဲ့ ပစ္စည်းဝတ္ထုတွေကို Function ကြောင့် ဘယ်လိုတည်ဆောက်ထား ကြသလဲ…ဆိုတာကိုလည်း စဉ်းစားတွေးတော ကြည့်သင့်ပါတယ်။ ဆရာတစ်ယောက် သို့မဟုတ် အကြီးအကဲတစ်ယောက် ထိုင်တဲ့ ဆုံလည်ကုလားထိုင်တစ်လုံးရဲ့ Form ဆိုရင် Function အနေဖြင့် အဆင်ပြေမည်လား။

ပုံမှာပြထားတဲ့ လေယျာဉ်ပျံတစ်စင်းရဲ့ ပုံစံကိုကြည့်ပြီး သူ့ရဲ့ Function ဟာ သူ့ရဲ့ Form ကိုလွှမ်းမိုးမှု ရှိမရှိဆိုတာကို စဉ်းစားကြည့်လိုက်ပါအုန်း…။

အထက်က ပုံမှာပြထားတဲ့ ချီကာဂို မှာရှိတဲ့ ဗိသုကာ Skidmore, Owings and Merrill (SOM) ရဲ့ဒီဇိုင်းနဲ့ တည်ဆောက်ထားတဲ့ Willis Tower (formerly named, and still commonly referred to as Sears Tower) ရဲ့ Form ကို သူ့ရဲ့ Function က ဘယ်လို လွှမ်းမိုး အကျိုးသက်ရောက်မှုရှိနေပါသလဲ။ အဲဒီအဆောက်အအုံကြီး လှပခန့်ညားတယ်လို့ ထင်ပါသလား။ အဲဒီအဆောက်အအုံဟာ ပြိုင်စံရှားလှတဲ့ ဗိသုကာကြီးရဲ့ Rectangular tubes ပုံတွေကို စုစည်းထားတဲ့ အိုင်ဒီယာကို တည်ဆောက်မှုမှာ အသုံးပြုထားခြင်းပါပဲ။ Rectangular tubes ကြီးများ တစ်ခုနှင့် တစ်ခု အားပေးထောက်ကူထားတဲ့ ပုံမျိုးပေါ်နေပါတယ်။ အခြားသော အဆောက်အအုံများမှာလည်း အလားတူ နှိုင်းယှဉ်လေ့လာနိုင်ပါတယ်….။

အခု Function ဆောင်တာ အကြောင်းပြောရင်း ဆောင်တာအပေါ်မှာ ဘယ်လောက်အထိနားလည်လိုက်သလဲ ဆိုတာမေးခွန်းလေးတွေ မေးကြည့်ပါမယ်…။ မူရင်းစာအုပ်မှ ရေးသားထားသော ဥပမာများအတိုင်း ဖော်ပြပေးလိုက်ပါတယ်။

1. Function is to  form as fire/heat is to ________ . (Chimney, firebrick, etc.)
2. How it look and how you use it are the same as its ________. (Form)
3. Form is to function as __________  is to lawn sprinkler. (Horse, pipe, spout)
4. Form is to function as __________ is to __________ .

စဉ်းစား အဖြေရှာရင်း Function အကြောင်းပိုမိုနားလည် နိုင်မယ်လို့ မျှော်လင့်ပါတယ်။

နောက်ဆုံးအနေဖြင့် အိမ်တစ်လုံးကို Function နှင့် Form ကို ကောင်းမွန်စွာ ဆက်စပ်ဖွဲ့စည်းထားသော ဒီဇိုင်းလေးတစ်ခုကို လေ့ကျင့်ရင်း လုပ်ဆောင်ကြည့်ပါခင်ဗျာ။ အဲဒီအိမ်လေးဟာ အသုံးလည်း ဝင်ရမှာ ဖြစ်သလို ကြည့်ပျော်ရှု့ပျော် ဖြစ်ဖို့လည်း လိုအပ်ပါသေးတယ်။ အဲ.. နောက်တစ်ခုအနေနဲ့ နေ့စဉ်သုံးနေတဲ့ ပစ္စည်းများမှ တချို့ပစ္စည်းများကို ပြန်လည် ဒီဇိုင်းပြုလုပ်ကြည့်ပါ…။ တစ်ခုသတိထားရမှာက အဲဒီပစ္စည်းကို သင်ဘယ်လိုအသုံးပြုတယ် ဆိုတာကို လစ်လျူရှု့ထားလိုက်ပါခင်ဗျာ။ အချုပ်ပြောရမယ်ဆိုရင် ဒီဇိုင်းတစ်ခုလုပ်ရာမှာ အဲဒီ ဒီဇိုင်းရဲ့ Function အသုံး သို့မဟုတ် ဆောင်တာနှင့် Form ပုံသဏ္ဍာန် တို့ ယှက်နွယ်ပေါင်းစပ်မှုကို စိုးရိမ်ပူပန်မနေပဲ ရဲရဲသာ ဒီဇိုင်းပြုလုပ်ဖို့ပါပဲ ခင်ဗျာ။

လေးစားစွာဖြင့်
MMO

4 people like this post.

Design and Ideology _ 1st Newsletter

April 02, 2011 :: Posted by - MTZO :: Category - DI Newsletter

ဒီဇိုင်း နှင့် အိုင်ဒီယော်လိုဂျီ (Design and Ideology)

ချားစ်ဒါဝင်ရဲ့ အီဗော်လူးရှင်း သီအိုရီအရ လူသည် မျောက်နှင့် မျိုးစိတ်တူသောသတ္တဝါ တစ်မျိုးဟု ဆိုခဲ့သည်။ ဘာသာရေးအသီးသီးမှလည်း လူ၏ဖြစ်တည်ရာကို အမျိုးမျိုးဆိုခဲ့ကြသည်။ မည်သို့ဆိုစေ သတ္တလောက၌ လူ၏ တည်ရှိနေမှု ကဏ္ဍသည် မှေးမှိန်သွားခြင်းမရှိခဲ့။ မည်သည့်နေရာမှ ဖြစ်တည်လာခဲ့ပါစေ လူဟူသော သက်ရှိတစ်မျိုးသည် သတ္တလောကအတွင်း တည်ရှိနေသည်မှာ အမှန်ပင်ဖြစ်သည်။ ဗုဒ္ဓအလိုအရ စင်္ကြဝဠာတစ်ခွင်ရှိ သတ္တဝါများ အားလုံးအတွင်း လူသားဘဝသည်သာ အမြင့်မြတ်ဆုံး အဖြစ် သတ်မှတ်ထားသည်။ ထိုအမြင့်မြတ်ဆုံးသော လူသားသည်ပင် လောကကို အကျိုးပြုနိုင်သလို၊ လောကကို ပျက်စီးအောင် ပြုလုပ်နိုင်ပေသည်။ လောကရှိ သက်ရှိ သတ္တဝါအားလုံး၌ တူညီသော လိုအပ်ချက်များ ရှိပေသည်။ ထိုအရာတို့မှာ စားရေး၊ ဝတ်ရေး၊ နေထိုင်ရေး နှင့် ဘေးကင်း လုံခြုံရေးများပင် ဖြစ်သည်။ ထိုလိုအပ်ချက်များမှာ မရှိမဖြစ် အခြေခံများပင် ဖြစ်သည်။ သို့သော်လည်း အခြားသက်ရှိတို့နှင့် မတူကွဲပြားသော လိုအင်ဆန္ဒများမှာ လူသားတို့၌ သိသာထင်ရှားစွာ ဖြစ်ပေါ်တတ်သည်။ ထိုဆန္ဒမှာ အခြေခံ လိုအပ်ချက်အပေါ်မှာ မူတည်ဖြစ်ပေါ်လာတတ်သလို အချို့မှာ စိတ်ခံစားမှုအတွက် ပေါ်ပေါက်လာတတ်သော လိုအင် ဆန္ဒများ ဖြစ်သည်။ ထိုလိုအင်ဆန္ဒများမှ လူသားတို့၏ ထွေပြားဆန်းကျယ်သော စိတ်ကူး အကြံဉာဏ် ကွန့်မြူးမှုဖြင့် အမျိုးမျိုးသော တီထွင်မှုများဖြစ်ပေါ်လာခဲ့သည်။ လူသားတို့၏ လိုအင်မှ စိတ်ကူး အကြံဉာဏ်များ ဖြစ်ပေါ်လာခဲ့ပြီး ထိုဖြစ်ပေါ်သော အကြံအစည် စိတ်ကူးစိတ်သန်းများကို အကောင်အထည် ဖော်ဆောင်ရန် ဒီဇိုင်းများမွေးဖွားခဲ့ကြသည်။ အတွေးအခေါ်သစ်များ ထွေးပွေ့ခဲ့ကြခြင်းပင် ဖြစ်သည်။

_._._._._._._._._._._._.

ဒီဇိုင်းနှင့် အိုင်ဒီယာဆိုသောစကားလုံးနှစ်လုံးကို ကျွန်တော်တို့ မြန်မာအတော်များများ ရင်းနှီးနေကြသည်။ ဒီဇိုင်း ဆိုသည့်အဓိပ္ပါယ်ကို အတိအကျ မသိကြသော်လည်း အလွယ်တကူ သုံးစွဲနေတတ်ကြသည် ။ Oxford အဘိဓါန်၌ ဒီဇိုင်း ဆိုသည်ကို “ A plan or drawing produced to show the look and function of something before it is built or made (or) The art or action of planning the look and function of something (or) The arrangement of the features of an artifact ” ဟုလည်းကောင်း “A decorative pattern (or) The purpose or planning that exists behind an action or object” ဟုလည်းကောင်း၊ “Decide upon the look and functioning of something, especially by making a detailed drawing of it (or) do or plan (something) with a specific purpose in mind” ဟုလည်းကောင်း အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။

ခေတ်သစ် အင်္ဂလိပ်မြန်မာ အဘိဓါန်မှာ
ကြိယာအဖြစ်
၁။ ပုံ-ထုတ်သည်-ဆွဲသည်-ရေးသည်။
၂။ အနုပညာလုပ်ငန်းအတွက် အကြမ်းစီမံဖော်ပြသည်။
၃။ လိုရင်းအကြောင်း ပြီးမြောက်အောင် ဖန်တီးသည်။ ရည်ရွယ်သည်။ ကြံရွယ်သည်။ ရည်စူးသည်။
၄။ စီမံ-သတ်မှတ်သည်-လျာထားသည်။ မှန်းထားသည် ဟုလည်းကောင်း၊

နာမ်အဖြစ်-
၁။ အလှပုံ-ဆွဲ-ရေးထားသည့်ပုံ။
၂။ အနုပညာလုပ်ငန်းအတွက် အကြမ်းစီမံဖော်ပြချက်- အတိုချုပ် စီမံဖော်ပြချက်။
၃။ အဆောက်အအုံ-ဆွဲ ရေးထားသည့်ပုံ- ထုထားသည့် အရုပ်- အစီအစဉ်ဖွဲ့စည်းပုံ- အနေအထား အချိုးအစားကျပုံ။
၄။ အကြံအစည်။ စီမံထားခြင်း။ ကြံစည်ဖန်တီးထားခြင်း။
၅။ တမင်တကာ-ရည်မှန်းထားခြင်း- ရည်ရွယ်ထားခြင်း။
၆။ မကောင်း-အကြံအစည်-အကြံအရွယ် ဟုလည်းကောင်း အဓိပ္ပါယ်များဖွင့်ဆိုထားသည်ကို တွေ့နိုင်ပါသည်။

_._._._._._._._._._._._.
အိုင်ဒီယော်လိုဂျီ ကို Oxford အဘိဓါန်၌ “A system of ideas and ideals forming the basis of an economic or political theory (or) The set of beliefs characteristic of a social group or individual ဟုလည်းကောင်း၊ Archaic the study of the origin and nature of ideas” ဟုလည်းကောင်း အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။ Wikipedia တွင်တော့ အိုင်ဒီယော်လိုဂျီကို “An ideology is a set of ideas that constitutes one’s goals, expectations, and actions” ဟု အဓိပ္ပါယ်ဖွင့်ဆိုထားပါသေးသည်။

ခေတ်သစ် အင်္ဂလိပ်-မြန်မာ အဘိဓါန်တွင် နာမ် အဖြစ်-
၁။ လူ့ စိတ်ကူး စိတ်ကမ်း အခြေပြုရာ အကြောင်းအချက်။ အယူအဆ ယုံကြည်စွဲမြဲချက်များ။
၂။ သဘောတရား။
၃။ စိတ်ကွန့်မြူးတွေးဆချက် ဟု အဓိပ္ပါယ် ဖွင့်ဆိုထားပါသည်။

အဘိဓါန်များအတွင်း ဖွင့်ဆိုချက်များအပေါ် ဆက်လက် ဆင်ခြင်တွေးတောလိုက်လျှင်ဖြင့် ဒီဇိုင်းနှင့် အိုင်ဒီယော်လိုဂျီတို့၏ ဆိုလိုချက်များကို ပုံဖော်နားလည်သွားနိုင်ပါမည်။ ဆက်လက်၍ အဘိဓါန်၏ ယေဘုယျ အချက်တွေအပြင် အခြား အတွေးပွားနိုင်သည်မှာ အင်ဂျင်နီယာ ပညာရပ်နှင့် ဗိသုကာပညာရပ်တို့တွင် ဒီဇိုင်းသည် မည်သည့်အပိုင်းကဏ္ဍတွင် ပါဝင်နေသနည်း။ အိုင်ဒီယော်လိုဂျီတို့သည် ဒီဇိုင်းသည် မည်သည့်အပိုင်းကဏ္ဍတွင် ပါဝင်နေသနည်း ဆိုသည့် အတွေးများဖြစ်သည်။

_._._._._._._._._._._._.

စင်စစ် ဒီဇိုင်းဆိုသည်မှာ အရာဝတ္ထုတစ်ခုအတွက် တိကျသေချာ အသေးစိတ်သော အဓိပ္ပါယ်ဖော်ပြချက်။ သွားရောက်လိုတဲ့ ပန်းတိုင်တစ်နေရာမှ ပေးစွမ်းမယ့် ပြီးပြည့်စုံတဲ့ ခံစားလိုမှု။ စိတ်အဆာ၏ လိုအပ်ချက်ကို ပြည့်စုံစေမှု။ စည်းချက်ညီညီ ကန့်သတ်ချုပ်ချယ်မှု။ အကန့်အသတ်မရှိ လွင့်ထွက်သွားနိုင်သော ဖန်တီးမှု စသည်ဖြင့် အမျိုးမျိုး ခံစားသိမြင်နိုင်ပါသည်။ ဖန်တီးသူတစ်ဦးမှ ပြောပြလိုသော သီးခြား ခံစားမှု သို့မဟုတ် ခံစားမှု အဖုံဖုံကို ဒီဇိုင်းများမှ ရရှိနိုင်သည်။ ဒီဇိုင်းတစ်ခု အတွင်းမှာပင် အတွေးအမျိုးမျိုး ကွဲပြားနိုင်ပါသည်။ ထို့ပြင် ဒီဇိုင်းကို သွင်ပြင်ခွဲ၍ ဆိုလျှင် ဒီဇိုင်းသည် ဘာသာဗေဒ အကန့်အသတ်မရှိ။ ကွဲပြားခြားနားတဲ့ အတွေးအခေါ်အမျိုးမျိုးသည် ဒီဇိုင်းတွင် ရှိနေသည်။ ဒီဇိုင်းတွင် လမ်းခွဲအမျိုးမျိုးမှ ချဉ်းကပ်လာမှုများ ရှိသည်။ ဒီဇိုင်းတွင် လက်ဆင့်ကမ်း ဆင်းသက်လာတဲ့ သုခုမရသတွေ ရှိသည်။ တိုးထွက် ဖောက်ထွက်လာတဲ့ အနုပညာတွေ ရှိသည်။ နည်းစနစ်တကျ တွေးခေါ်ပေးရတာတွေ ရှိသည်။ ထို့အပြင် ဒီဇိုင်းတွင် စီးပွားရေးအတွက် တွက်ခြေကိုက် လုပ်ဆောင်ချက်တွေ ရှိသည်။ လှုမှုဗေဒ လိုအပ်ချက်အပေါ် အဖြေရှာမှုတွေရှိသည်။ လိုအပ်ချက်အပေါ် သုတေသန ပြုလုပ်ရတာတွေ ရှိသည်။ အတွေးခံစားချက်ကို ဖော်ထုတ် ပေးရတာတွေ ရှိသည်။ ဖန်တီးမှုအတွေးကို အကောင်အထည် ဖော်ဆောင်ရတာတွေ ရှိသည်။ ခြုံ၍ ဆိုရပါလျှင် ဒီဇိုင်းသည် အရာအားလုံးကို စနစ်တကျ ချိန်ညှိပေးရခြင်းဟု ဆိုရပေမည်။
အိုင်ဒီယော်လိုဂျီအား ယေဘူယျဆိုရပါလျှင် အတွေးအမြင် သဘောတရား အယူအဆလို့ ဆိုနိုင်ပါမည်။ သိပ္ပံပညာရှင်များသည် အခြေခံကျတဲ့ သဘောတရားတွေနဲ့ သီအိုရီတွေ အမျိုးမျိုး ဖော်ထုတ်ကြသည်။ အင်ဂျင်နီယာများသည် သူတို့ပြုလုပ်မယ့် ဒီဇိုင်းနဲ့ တည်ဆောက်ရေး လိုအပ်ချက်အတွက် ဖြစ်နိုင်ချေရှိသော သင့်တော်မည့် သီအိုရီများကို စနစ်တကျ အသုံးပြုကြသည်။ ဗိသုကာများသည် လူမှုပတ်ဝန်းကျင်တွင် အဆင်ပြေချောမွေ့စွာ နေထိုင်နိုင်ရန် ကြံစည်တွေးတော အဖြေရှာကြပါသည်။ ဘာသာရေး၊ လူမှုရေး အသိပညာရှင်များသည် လူသားတို့အတွက် လိုက်နာ စောင့်ထိန်းအပ်တဲ့ ကျင့်ဝတ်၊ သိက္ခာ၊ လူမှုဘဝ တိုးတတ် ကြီးပွားရေး တတ်ကျမ်းများ၊ နီတိ အစရှိသည်တို့ကို တွေးတော အဖြေရှာ စူးစမ်းဖော်ထုတ် လေ့လာကျင့်သုံးရန် လမ်းညွှန်ပြင်ဆင်ကြတယ်။ နိုင်ငံရေးသုခမိန်များ၊ ဘောဂဗေဒ စီးပွားရေးပညာရှင်များသည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ နိုင်ငံရေးနည်းဗျူဟာနှင့် စီးပွားရေးနည်းဗျူဟာတို့အပေါ် ကြံစည် တွေးတောတတ်ကြသည်။ ထို့ကြောင့် လူသားအားလုံး၏ အတွေးအမြင် အကြံအစည် အားလုံးသည် အတွေးဗေဒ အိုင်ဒီယော်လိုဂျီဆိုသော ခေါင်းစဉ်အောက်မှာ ကိန်းဝပ်နေသည်ဟု ဆိုနိုင်ပါသည်။

_._._._._._._._._._._._.

ဒီဇိုင်းဆိုသည်မှာ အိုင်ဒီယော်လိုဂျီ၏ ကုန်ထွက်တစ်မျိုးဟု ဆိုနိုင်ပါသည်။ အတွေးအမြင်မပါသော ဒီဇိုင်းသည် ဆားမပါသော ဟင်းတစ်ခွက်နှင့်တူသည်။ အတွေးအမြင်တစ်ခုသည် ဘက်စုံဒေါင့်စုံ ပြည့်စုံနိုင်ရန် ခဲယဉ်းသကဲ့သို့ ဒီဇိုင်းတစ်ခုသည်လည်း အရာအားလုံးအတွက် ကုံလုံပြည့်စုံစေမှုပေးနိုင်ရန် မလွယ်ကူလှချေ။ အတွေးတစ်ခုကို အကျိုးအကြောင်း တွေးဆနိုင်သကဲ့သို့ ဒီဇိုင်းတစ်ခုတွင်လည်း ကျိုးကြောင်းပြည့်စုံသော အဓိပ္ပါယ်ကို ပေးနိုင်ဖို့ လိုအပ်ပါလိမ့်မည်။ အတွေးတစ်ခု၏ အမှန်အမှားဆိုသည်ကို ရလာဒ် အကျိုးအမြတ်နှင့် တိုင်းတာသကဲ့သို့ ဒီဇိုင်းတစ်ခု၏ အမှန်အမှားဆိုသည်ကိုလည်း ထိုဒီဇိုင်းမှ ရရှိသော ရလာဒ်ဘောင်နှင့် ချိန်ညှိုရပါသည်။ အတွေးအမြင် တစ်ခုသည် ပြဿနာတစ်ခုမှ ဖြစ်တည်လာနိုင်သကဲ့သို့ ဒီဇိုင်းတစ်ခုသည်လည်း ဖြေရှင်းရမည့် ပြသနာအတိမ်အနက်အတွက် နည်းစနစ်တစ်ခု ဖြစ်နေနိုင်ပါသည်။ အတွေးတစ်ခု၏ ရင်းမြစ်သည် ဘာကြောင့်ဖြစ်လာသည်ဆိုသော မေးခွန်းမှ ဖြစ်တည်လာသကဲ့သို့ ဒီဇိုင်းတစ်ခုသည်လည်း ဘာကြောင့် ဖြစ်လာရသလဲဆိုသည့် အဓိပ္ပါယ်တော့ ရှိရပါမည်။ နောက်ဆုံး အတွေးတစ်ခု၏ ဦးတည်ချက်သည် သေချာတိကျမှသာ တန်ဖိုးရှိနိုင်သကဲ့သို့ ဒီဇိုင်းတစ်ခုသည်လည်း ဘယ်ကို ဖြစ်သွားရမလဲဆိုသော ဦးတည်ချက် ရှိနေမှသာ ထိုဒီဇိုင်း၏ အနှစ်သာရကို ခံစားသိရှိနိုင်မှာ ဖြစ်သည်။

_._._._._._._._._._._._.
ဒီဇိုင်းတစ်ခု ကောင်းသည် မကောင်းသည် ဆိုသည်ကို ရည်ရွယ်ချက်ရှိခြင်း၊ အဓိပ္ပါယ် ဖော်ဆောင်နိုင်ခြင်း၊ ဆွဲဆောင်မှုရှိခြင်း၊ ဆန်းသစ်တီထွင်မှုရှိခြင်း၊ မှန်ကန်သော စည်းစနစ် ရှိခြင်း စသော အချက် ငါးချက်ဖြင့် အကြမ်းဖျဉ်း သုံးသပ်နိုင်ပါသည်။ ဒီဇိုင်းနှင့် အိုင်ဒီယော်လိုဂျီတို့သည် သိမ်မွေ့သော အသိပညာ၊ နက်ရှိုင်းသော အတတ်ပညာများ ဖြစ်သကဲ့သို့ ခန့်ညားသော၊ ဒဏ္ဍာရီဆန်တဲ့ အနုပညာတစ်ရပ်ဟု ဆိုလျှင်လည်း မမှားနိုင်ချေ။ ကျွန်တော်တို့ လူသားအားလုံးသည် မည်သည့်နေရာမှ ဖြစ်တည်လာခဲ့ပါစေ လူသားတစ်ယောက်ရဲ့ ဖြစ်တည်မှုသည် အခြား လူသားများအပေါ် ထိခိုက် နစ်နာခြင်းမရှိစေသော၊ မိမိကိုယ်တိုင်လည်း အကျိုးမမဲ့သော အတွေးအမြင်အသိပညာ အတတ်ပညာတို့ဖြင့် တန်ဖိုးရှိသော၊ လှပခန့်ညားသော၊ လူသားတစ်ယောက်အဖြစ် မိမိကိုယ်ကို ပုံဖော်ရေးဆွဲ ထုဆစ်နိုင်သော လူသားဒီဇိုင်းတစ်ခုအဖြစ် မိမိကိုယ်ကို ဖန်တီးနိုင်ကြသည်။ ဟင်းလင်းပြင် တစ်ခုအတွက် ဖြစ်ပေါ်လာသော အတွေးအမြင်၊ အသိ၊ အယူအဆ၊ တန်ဖိုးထားမှု၊ နားလည်မှု၊ ယုံကြည်မှု၊ လက်ခံလိုက်မှု၊ အသုံးချမှု၊ လွင့်မြောမှု၊ အိပ်မက်ဆန်မှု၊ ထိတွေ့မှု စသည့် မနောဝိဉာဉ်မှာ ဖြစ်ပေါ်လာမိသော စိတ်ခံစားမှုတွေကို ပုံဖော်တင်ပြနိုင်သည့် ဒီဇိုင်းဆိုသည်ကို တီထွင်ဖန်တီးရင်း ကျွန်တော်တို့၏ ပတ်ဝန်းကျင်ကို တတ်စွမ်းသမျှ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြပါစို့။

Written By Design Ideology!
1st News Letter of our Unity.
1st January 2011
1 person likes this post.

ဗိသုကာဆိုတာ

March 07, 2011 :: Posted by - rooney wayne :: Category - Architectural

ယူဂျင်းရပ်စကင်ရဲ့ စာအုပ်မှာ အမှာစာရေးတော့ မာရီယိုဆာလ်ဗာဒိုရီက ‘ဗိသုကာဆိုတာ” နဲ့ ဗိသုကာပညာနဲ့ လက်ရာ ဆိုတာတွေကိုတွေးမိသလိုချရေးပါတယ် ။ သူရေးတယ့်အချက်တွေထဲကမှ

ကောက်နုတ်ပြရင်-

-ဗိသုကာလက်ရာတွေကို ကျွန်တော်တို့ ကြုံကြိုက်ရတယ် ၊ သုံးတယ် ၊ ကြည်နူးခံစားတယ် ၊ လိုလားတယ် ၊ နာကျင် နစ်နာတွေရှိတယ် ။
ဒါပေမဲ့ ကျွန်တော်တို့ ထဲက အနည်းငယ်သာ ဗိသုကာပညာအကြောင်း သိတယ်။

-ဗိသုကာပညာဟာ လူတိုင်းအတွက် ၊ ဒါကြောင့် အတော်ဆုံး ဗိသုကာဆိုတာ လူတွေအားလုံးပဲ။

-ဗိသုကာပညာဟာ အနုပညာ ။ သိပ္ပံပညာ ။ လူသား ။ ရုပ်ပစ္စည်း။ နိုင်ငံရေး ။ ငွေကြေး ၊ ပြီးတော့ ငွေကြေး ။

-ဗိသုကာလက်ရာဆိုတာ အတိတ်ကို အခြေခံ ၊ ပစ္စုပ္ပန်မှာ တည်ဆောက် ၊ အနာဂတ်ကို တာဝန်ယူရတယ်။
အတိတ်ဆို တာက မေ့သွားပြီး၊ ပစ္စုပ္ပန်က လက်ငင်း၊ အနာဂတ်ဆိုတာ ဘာမှ ပြောနိုင်တာမဟုတ်။ ဒီတော့ကာ ဗိသုကာပညာ ခက်ခဲတာ ဘာမှ မဆန်း ။

-ရက်ရောတဲ့ ဗိသုကာလက်ရာနဲ့ ရိုင်းစိုင်းတဲ့ ဗိသုကာလက်ရာ၊ လှပတဲ့ ဗိသုကာလက်ရာနဲ့ အရုပ်ဆိုးလှတဲ့ ဗိသုကာ လက်ရာ၊ အားလုံးဟာ လူမှု အဖွဲ့အစည်းရဲ့ အသိစိတ်ဓာတ်ကို တိုင်းတဲ့အတိုင်းအထွာတွေ ဖြစ်တယ်။

-ဗိသုကာလက်ရာတွေဟာ လှပဖို့လိုတယ်၊ ဒါပေမဲ့ ဗိသုကာ လက်ရာကောင်းဖြစ်ဖို့ ဒါနဲ့မလုံလောက်သေး ။
ငွေကြေး ကုန်ကျတာဟာလည်း ဗိသုကာလက်ရာတစ်ခုလှပဖို့ လိုအပ်တဲ့ အရင်းခံ မဟုတ် ။ ခိုင်ဖို့တော့ လိုတယ်။

-အကောင်းဆုံးဗိသုကာလက်ရာဆိုတာ လူတွေအတွက် အကောင်းဆုံး ဖြစ်နေမှုပဲ။
ပိုင်ရှင်အတွက်မဟုတ်၊ ကန်ထရိုက်တာအတွက် မဟုတ်၊ အင်ဂျင်နီယာအတွက်မဟုတ်၊ ဗိသုကာကိုယ်တိုင်အတွက်တောင် မဟုတ်။

-တော်တဲ့ ၊ သီးခြားဆန်တဲ့၊ ထီးတည်းလူတစ်ယောက်ဟာ ခမ်းနား ကြီးကျတယ်တဲ့ ပန်းချီဆရာ ဒါမှမဟုတ် ဂီတပညာရှင် ဖြစ်နိုင်တယ်။
ဒါပေမဲ့ တော်တဲ့၊ လူတွေကို ချစ်တတ်တဲ့ သူမှာသာ ခမ်းနားကြီးကျယ်တယ်တဲ့ ဗိသုကာတစ်ယောက် ဖြစ်နိုင်တယ်။

-ဗိသုကာဆိုတာ အဆောက်အအုံကို ဒီဇိုင်းထုတ်ရုံထုတ်တာ မဟုတ်ဘူး။
ဒီဇိုင်းလည်းထုတ်၊ အဲဒီ ဒီဇိုင်းကို ရောင်းလည်းရောင်း၊ တကယ်ဆောက်တာကိုလည်း တွေ့ရမှ။

-ဗိသုကာပညာကို သင်ပေးလို့မရ (ဒါကြောင့်ကောင်းပေ့ဆိုတဲ့ ဗိသုကာပညာသင်ကျောင်းရယ်လို့ မရှိ)။
ဒါပေမဲ့ လေ့လာ သင်ယူလို့ရတယ် (ဒါကြောင့်လည်း ဗိသုကာကောင်းတွေ ရှိနေတာပေါ့။)

- ကော်ဗူးဆီးယေးကပြောဖူးတယ်။
ကောင်းမွန်တဲ့ ဗိသုကာ လက်ရာဆိုတာ နေထိုင်ဖို့အတွက် ရည်ရွယ်တဲ့ စက်ပစ္စည်း တစ်ခုပါပဲတဲ့။
ဒါ ဘာကို ဆိုလိုသလဲဆိုတော့ ဒီဇိုင်းထုတ်တဲ့ လူရဲ့ အထိမ်းအမှတ် မှတ်တိုင်တစ်ခု မဟုတ်ဘူးစိုတာ ပြောတာ။

-စဉ်းစားစရာတစ်ချက်ကတော့ ခေတ်ပေါ် အဆောက်အအုံတွေရဲ့ ဆောက်လုပ်စရိတ် ၄၀%ဟာ မမြင်ရတဲ့ ပိုက်လုံးတွေ၊ မော်တာတွေ ၊ ရေတင်ပန့်တွေ အတွက်သုံးပြီး ၂၅% ကတော့ ဒီအဆောက်အအုံ မတ်မတ်ထူနေနိုင်ဖို့ သုံးတယ်။ လူနေထိုင်တဲ့ နေရာဖန်တီးမှုကသော ဗိသုကာလက်ရာ။

-ဗိသုကာပညာဆိုတာ လူတွေရဲ့ အခြေခံလိုအပ်ချက်ကို ဖြည့်ဆည်းပေးရတာ ဖြစ်လို့ သမာရိုးကျဖြစ်နေမှာပဲ ။
စားတယ် ၊ ကစားတယ် ၊ အိပ်တယ် ၊ မျိုးဆက်ဖြန့်တယ်ဆိုတာလည်း ကျွန်တော်တို့ အမြဲတမ်းလုပ်ခဲ့တာမဟုတ်လား ။

-ဗိသုကာတွေက မြို့တွေပါပုံစံထုတ်ချင်လာတဲ့အခါကျ မြို့ကွက် ဒီဇိုင်းထုတ်သူ (urban desinger) တွေဖြစ်လာတယ် ။
Urban designer တွေက ဒေသတစ်ခုလုံးကို ပုံစံ ရေးဆွဲချင်လာတဲ့အခါ မြို့တည်စီမံရေးဆွဲသူ (planner) တွေဖြစ်လာတယ်။
Planner က တိုင်းပြည်ကိုပါ စီမံပြုပြင်ချင်လာတဲ့အခါကျတော့ နိုင်ငံရေးသမားဖြစ်လာတယ် ။
ဒါပေမဲ့ ဗိသုကာ လက်ရာကောင်းအတွက် ပန်းတိုင်ကတော့ အကန့်အသတ်ရှိပါတယ် ။ ဒါကတော့ ပါမောက္ခ ဆာလ်ဗာဒိုရီရဲ့ အတွေးစကလေးတွေပါ။

အဲဒီစာအုပ်ထဲမှာ ယူဂျင်းရပ်စကင်က ဗိသုကာတို့ရဲ့ သဘာဝတွေနဲ့ ဗိသုကာပညာရှင်ဆိုတာ ဘယ်ကစလို့ ဘယ်လို လေ့လာသင်ယူနိုင်သလဲဆိုတာရေးပါတယ်။
ဗိသုကာဆိုဘယ်သူလဲ။
ဘယ်လို သင်ကြားပြီး ဗိသုကာ ရယ်လို့ ဖြစ်လာသလဲ။

ပထမဆုံး ဗိသုကာဆိုတာကတော့ သူ့ကို သင်ပေးမယ့် ကျောင်းရယ်လို့ ဘယ်ရှိပါ့မလဲ ။ ၁၈ရာစု ၁၉ရာစုလောက်မှာ အထက်လွှာက လူငယ်တွေဟာ (အထူးသဖြင့် အင်္ဂလန်မှာ) သူတို့ဘဝမှာ ရာထူးလက်ကိုင် တစ်ခုခု (မြို့စားဖြစ်ဖြစ်) တာဝန်မယူခင် ရာထူးလက်ကိုင် တစ်ခုခု (မြို့စားဖြစ်ဖြစ်) တာဝန်မယူခင် ဥရောပတိုက်အနှံ့ ခရီးရှည် ထွက်လေ့ရှိသည် ။ တော်တော်များကလည်း အနုပညာတစ်ခုမဟုတ် တစ်ခုမှာ ပါရမီပါလာတဲ့သူတွေ ဖြစ်တော့ သူတို့ပြန်လာတဲ့အခါ ဆွေမျိုးအပေါင်းအသင်းတွေကိုပြဖို့ သူတို့ ရောက်ခဲ့တဲ့ ဒေသတွေရဲ့ sketch (ပုံကြမ်း) တွေပါလာတယ် ။ အီတလီက villa စံအိမ်ကြိးတွေ ၊ ဂရိဘုရားကျောင်းတွေ ၊ ရီနေဆန့် ခေတ်နန်းတော်တွေ စသဖြင့်ပေါ့ ။ အထက်လွှာရဲ့ သမီးပျိုတွေလည်း ရင်ဖိုအံ့သြလို့ပေါ့ ။ ဒီလိုကနေ အသိုင်းအဝိုင်းထဲက တစ်ဦးဦးက အိမ်ကြီးတစ်အိမ် ဆောက်ချင်လာတဲ့အခါ သူတို့သတိရကြတယ် ။ ဒီတော့
သူက ဗင်းနစ်မှာတွေ့ခဲ့တဲ့ နန်းတော်စံအိမ်ကြီးတစ်ခုလိုမျိုး ပုံထုတ်တော့တာပေါ့ ။ ဗင်းနစ်တူးမြောင်းတွေနေရာမှာတော့ မြင်းရထား ဝင်ဖို့လမ်းအဖြစ် ပြောင်းလိုက်တယ် ။ မြင်းစောင်းတွေ ၊ အမဲလိုက်ခွေးအိမ်တွေ ။ ဘောလုံးရိုက်ကစားကွင်းတွေလည်း ထပ်ဖြည့်လိုက်တယ် ။ အဲဒီကနေ နောက်ထပ် နောက်ထပ် တာဝန်ပေးခြင်းခံရ ၊ တဖြည်းဖြည်းနဲ့ ဗိသုကာဘဝ အလိုလို ရောက်လာတော့တယ် ။ အတတ်ပညာပိုင်းဆိုင် ရာသင်ကြားမှုလည်း သိပ်မလိုလှဘူး ။ သူဖြစ်စေချင်တာကို လုပ်ပေးမယ့် လက်သမားနဲ့ တခြားလက်မှုပညာရှင်တွေကလည်း ရှိနေတာကိုး ။ ဒါနဲ့ပဲ ပညာရှင်ဘဝ ရောက်လာဖြစ်ပေမယ့် အပျော်တမ်း ဝါသနာကို အရင်းခံပါတယ်။
ဒီလိုအပျော်တမ်းလူကြီး လူကောင်းဗိသုကာ (Gentleman-architect) ကတော့ အခုထိ အစဉ်အလာရှိတုန်းပဲ ။ အမျိုးသမီး မဂ္ဂဇင်းတွေထဲက အချစ်ဝတ္ထုတွေထဲမှာ မကြာခဏ ဇတ်လိုက်က ဗိသုကာတစ်ယောက် ဖြစ်နေတတ်တယ် ။ ဒါမှအထက်တန်းလွှာက ဂုဏ်ယူဖွယ်ရာ အလုပ်ကိုင်တစ်ခုခု လုပ်နေတတ်သူ ဆိုတာပေါ်လွင်မယ်လေ ။ အလုပ်မရှိ သုံးဖြူန်းပျော်ရွှင်နေသူသက်သက်မဟုတ်ဘူး ။ အနုပညာမြောက်တယ် ၊ ခံစားထိရှလွယ်တယ် ၊ မြင့်မြင့်သွယ်သွယ် ၊ ဆံစ ဖွရရာနဲ့ အပြုံးမထီတရီ..ဒါပေမဲ့ သူက လက်တွေ့လည်းကျပြန်တယ် ။
သို့သော် နှစ်ဆယ်ရာစု ဗိသုကာအလုပ်ဆိုတာ သိပ်ကိုပြင်းပြင်းထန်ထန် လုပ်ရတဲ့အသက်မွေးမှု ။ နှစ်ရှည်သင် တန်းတက်ရတယ် ၊ အားထုတ် လေ့လာဆည်းပူးရတယ် ၊ နာရီပေါင်းများစွာ မနားတမ်း အာရုံစိုက်လုပ်ရတယ် ။ ဒိလို လုပ်နိုင်ပုံမရဘူးဆိုရင် ဌာနမှူးက ပထမနှစ်ပြီးတာနဲ့တခြား ပိုသက်သာတဲ့လိုင်း တစ်ခုခုကို ပြောင်းယူခိုင်းလိမ့်မယ်။
၂၀ရာစုအကူး ကာလတွေမှာ ဗိသုကာတွေဟာ အချိုးအစားကေနလှပမှုရယ် ၊ ဂန္တဝင်ကို ပြန်လည်ဆန်းသစ်တဲ့ အမွမ်းအပြောက်တွေကို သိရုံရယ်နဲပ မလုံလောက်တော့ဘူး ။ စက်မှုတော်လှန်ရေးက အားလုံးကို ပြောင်းပစ်လိုက်ပြီ ။ သံမဏိတွေ ၊ သံကူကွန်ကရစ်တွေ ၊ စက်ကရိယာတွေရဲ့ အလုပ်မျိုးစုံ ၊ အဆောက်အအုံ ဆောက်လုပ်စရိတ်နဲ့ ပြန်ဝင်နိုင်မယ့်ငွေ ၊ အားလုံးကို သိမှရတော့မယ် ။ ကျကျနန သင်မယ့်ကျောင်းတွေ ၊ သင်တန်းတွေ လိုအပ်လာတယ် ။ ဒီနေရာမှာ ဗိသုကာအလုပ်သင်အကြောင်းကိုလည်း ပြောချင်ပါတယ် ။
ရှေးတုန်းက အဆောက်အအုံ ဆောက်လုပ်ရေးအကြီး အကဲ (master builder)ဟာ ဒီဇိုင်းလုပ်တဲ့ဘက် ၊ စီမံရေးဆွဲတဲ့ဘက်မှာ ပါရမီအခံလေးပါလာတော့ သူများလို နေပူထဲ ပင်ပင်ပန်းပန်း လုပ်စရာမလိုဘဲ ကိုယ်စိတ်ဝင်စားရာကို ပုံလေးဆွဲရုံ ၊ ဟိုဟိုဒီဒီညွှန်ကြားရုံနဲ့ သက်သောင့်သက်သာ လုပ်နေလို့ရတယ်။ သူ အသက်ကြီးလာတဲ့အခါကြတော့အခါကျတော့ လူငယ်လက်ထောက်တွေကို အလုပ်သင် လေကျင့်ပေးရင်း သူမလုပ်ချင်တဲ့ အပိုင်းတွေ ၊ အားစိုက်ရမယ့်အပိုင်းတွေ လုပ်ခိုင်းဖို့နဲ့ သူကို ကူဖို့သုံးတယ် ။ အဲဒီလိုကနေ အလုပ်သင်စနစ် (apprenticeship system) ပေါ်ပေါက်လာတယ် ။ ဒီလိုနဲ့ ဒီအသက် မွေးပညာရပ်ဟာ မျိုးဆက်တစ်ဆင့်က တစ်ဆင့် လက်ဆင့် ကမ်းလာတယ် ၊ ဗိသုကာတွေကို လေ့ကျင့်သင်ကြားရာမှာ ယနေ့အထိ ဒီစနစ်ကို သုံးတယ် ။
လူငယ် ၊ လုံမငယ်တို့ဟာ အသိအမှတ်ပြုဗိသုကာပညာသင်ကျောင်းက ဘွဲ့ရပြီးဆိုပေမယ့် (အမေရိကန်ပြည်ထောင်စု ပြည်နယ်အများစုမှာဆိုရင်) လိုင်စင်ရဗိသုကာ (သို့) အင်ဂျင်နီယာ တစ်ယောက်ယောက်ဆီမှာ သုံးနှစ်လောက် မလုပ်ပြီးမချင်း ၊ ဒါမှမဟုတ် ပြည်နယ် (သို့) တစ်တိုင်းပြည်လုံး အတိုင်းအတာနဲ့ စစ်တဲ့စာမေးပွဲ မအောင်မချင်း လိုင်စင်မရသေးတဲ့ပြင် ကိုယ့်ကိုယ်ကိုယ်လည်း ဗိသုကာရယ်လို့ ခေါ်ဆိုပိုင်ခွင့် မရှိသေးပါ ။ ဒါ သီအိုရီချည်း သက်သက် သင်ကြားမှုအပေါ် လုပ်ငန်းခွင်လက်တွေ့ အတွေ့အကြုံနဲ့ ထပ်ဆောင်းနိုင်ဖို့ စီစဉ်ခြင်းဖြစ်တယ် ။ ဆေးပညာလောကမှာ အလုပ်သင် ဆရာဝန် ဝင်လုပ်ရသလိုပါပဲ ။
ဒီစနစ် အောင်မြင်တာ မအောင်မြင်တာကတော့ အောင်ပြီးစ လူငယ်တွေဝင်လုပ်တဲ့ ဗိသုကာလုပ်န်းရုံးတစ်ခုရဲ့ အရည်အသွေးပေါ်တည်တယ် ။ ပြီးတော့ အလုပ်ရှင်ဗိသုကာရဲ့ လူငယ်လက်သစ်တွေအပေါ် ဘယ်လောက် စိတ်ပါပါ အချိန်ပေးသင်ကြားလိုစိတ်ရှိသလဲဆိုတဲ့ အပေါ်မှာတည်တယ် ။ အများအားဖြင့် ဗိသုကာ ဆရာကြီးတွေက သူတို့ ကိုယ်သူတို့ ပါရမီရှင်လို ခံယူပြီး အောင်ခါစတွေကို သူ့နောက် ပါတွေလို သဘောထားတက်လို့ တစ်ခါတလေ သူတို့ရဲ့ ပုံ တူကော်ပီလေးတွေထွက်လာတတ်တယ် (ဥပမာ – ဖရန့် လွိုက်ရိုက် ၊ မီးစ်ဗန်ဒါရိုး)
နောက်တစ်ခုမကောင်းတာက တကယ်လို့ ဒီဗိသုကာ အဖွဲ့ဟာ သိပ်အောင်မြင်တဲ့ အဖွဲ့ကြီးလည်းဖြစ် ၊ အဆောက်အအုံ အမျိုးအစားတစ်မျိုးမျိုး (ဥပမာ- Office Building) ကိုသာ အထူးပြုလက်ခံလုပ်တဲ့ အဖွဲ့ဖြစ်နေခဲ့ရင်တော့ ကိုယ့်နဂိုရှိတဲ့ စိတ်ကူး ဆန်းသစ်ဖန်တီးချင်တဲ့စွမ်းရည်တွေ လျော့နည်းလာပြီး အဖွဲ့လိုက်မဖြစ်မနေ လုပ်ဆောင်ရတဲ့ အလုပ်ရဲ့ ဦးဆောင်မှုကို ခံရပါလိမ့်မယ် ။ အလုပ်သင်တွေ အတွက်ကောင်းတာကတော့ လုပ်ပုံစံမျိုးစုံ လက်ခံ လုပ်ဆောင်တဲ့ ဗိသုကာအဖွဲ့ငယ်တွေမှာ အဲဒီကစိတ်ရှည်တဲ့ ၊ အတွေ့အကြုံများတဲ့ ၊ သင်ကြားပေးချင်တဲ့ အလုပ်ရှင်မျိုးနဲ့ အလုပ်လုပ်ခွင့်ရခြင်းပါပဲ ။
၂၀ရာစု နှောင်းပိုင်းမှာတော့ တက္ကသိုလ်က ဗိသုကာ ပညာသင်ကျောင်းတွေမှာ ဗိသုကာလက်ရာသမိုင်းနဲ့ သီအိုရီ ၊ ပြီးတော့ နည်းပညာဆိုင်ရာ ဘာသာရပ်တွေ ၊ ဒီဇိုင်းပရိုဂျက်တွေ လေးနှစ်သင်တန်းပြီးရင် ဒီဂရီရပါတယ် ။ ပြီးတော့မှ အလုပ်ခွင် ၃နှစ်အတွေ့အကြုံနဲ့ လိုင်စင်အတွက် စာမေးပွဲ ဖြေရပါတယ် ။ စာမေးပွဲကတော့ မအောင်မချင်း အကြိမ်ကြိမ် ဖြေဆိုလို့လည်းရပါတယ် ။ ရှက်စရာမဟုတ်ပါဘူး ။
ဗိသုကာပညာကို လက်ခံသင်ကြားပုံပေါ် တည်ပြီး ပြောရရင် ဗသုကာပညာသင်ကျောင်းတွေ (တက္ကသိုလ်တွေက ဗိသုကာဌာနတွေကို ဆိုလိုပါတယ် ) ကို သုံးမျိုးလောက် ခွဲလို့ရနိုင်ပါတယ် ။

(၁) အများစုကတော့ သမားရိုးကျ သင်ရိုးညွှန်းတမ်းနဲ့ သင်တဲ့ကျောင်းတွေ ဖြစ်ပါတယ် ။ ဗိသုကာပညာကို ဒီဇိုင်းပရိုဂျက်တွေ လေ့ကျင့်ခြင်းနဲ့ လေ့လာပါတယ် ။ကျန်တဲ့နည်းပညာပိုင်း ၊ အတတ်ပညာပိုင်းဆိုင်ရာ ဘာသာရပ်တွေကိုတော့ အဓိကရည်ရွယ်တဲ့ ဗိသုကာဒီဇိုင်းအတွက် ပံ့ပိုးတဲ့နေရာမှာသာ ထားပါတယ် ။ အဲဒီလို ဘာသာတွေဟာ ဒုတိယနေရာမှာသာ ထားပါတယ် ။ အဲဒီလို ဘာသာတွေဟာ ဒုတိယနေရာမှာပဲ ရောက်နေတော့ ထိုက်သင့်သလောက် အရေးပေးမှု မရပါဘူး ။ နာမည်ကြီးတဲ့ ကျွမ်းကျင်တဲ့ဆရာတွေကိုလည်း လာသင်အောင် မဆွဲဆောင်နိုင်ပါဘူး ။ တစ်ဖက်မှာလည်း ဒီဇိုင်းကို အလေးဂရုပြုလွန်းတတ်တော့ ဒီလို ကျောင်းမျိုးကထွက်တဲ့ ဗိသုကာတွေဟာ စက္ကူပေါ်မှာ ပျံပေ့ ဆိုတဲ့ဒီဇိုင်းမျိုးတွေ ထုတ်တတ်ပြီး လက်တွေ့ဆောက်ရင်တော့ သိပ်ကေင်းအောင် မတွက်တက်ပါဘူး ။ ဒါပေမဲ့ ဗိသုကာပညာရေးမှာ ဒီဇိုင်းဟာ အဓိကစိုတာကို ငြင်းဖို့တော့လည်း ခက်သားလား။
(၂) ဘော့ဟော့စ် ဆိုတာ ၂၀ရာစုအစောပိုင်းမှာ ပေါ်လာခဲ့တဲ့ ဂျာမန် ဗိသုကာသင် ကျောင်းတစ်ခုရဲ့ အမည်ပါ ။ သူက သင်ကြားပုံမှာရော ၊ ပညာကို အသက်မွေးမှုပြုပုံ မှာပါ တော်လှန်တဲံအတွေးအမြင်နဲ့ ပုပြင်ပြောင်းလဲမှု ပြုခဲ့ပါတယ် ။ အဲဒီတုန်းက ခေတ်စားသွားခဲ့တဲ့ ၊ ဆောက်လုပ်စနစ်ကို ရိုးသားရှင်းလင်းစွာ ဖော်ပြပုံနဲ့ အဆောက်အအုံရဲ့ အသုံးဆာင်တာကိုသာ ပဓာနပြုတဲ့ ခံယူချက်အသစ်တွေ မျိုးစေ့ချပေး ပါတယ် ။ သိပ်ထင်ရှားတဲံ ဗိသုကာတွေလည်း ထွက်ပါတယ် ။ ဒီသင်ကြားရေးပုံစံမှာတော့ ကျောင်းသားတွေဟာ ဆောက်လုပ်ပစ္စည်းတွေရဲ့ အကြောင်းကို ရင်းနှီး ကျွမ်းဝင်မရှိမချင်း ဒီဇိုင်းမလုပ်ရပါဘူး ။ လက်တွေ့မှာ အကုန်လုပ်ဖူးရပါမယ် ။ ပြီးမှ ဒါတွေအသုံးချပြီး ဒီဇိုင်း စတင်လုပ်ပါတယ် ၊ အားနည်းချက်ကတော့ ဒီသိအိုရီကို ဘာသာတရားကို လက်ကိုင်စွဲထားပြီး ဆရာတွေကို ဘုရားတစ်ဆူလို ကိုးကွယ်တာပါပဲ။
(၃) လူမှုအသိုက် အဝန်း (Community) ပုံစံ ဗိသုကာကျောင်းကတော့ သိပ်မရှိသေးပါဘူး ။ အဲဒိမှာ ဗိသုကာပညာကို လူသားတွေရဲ့ ယေဘုယျလူမှုရေးဖြစ်စဉ်ထဲက စီးပွားရေးတို့၊ ပတ်ဝန်းကျင်ဆိုင်ရာတို့၊ မြို့ပြစီမံကိန်းတို့လိုပဲ အစိတ်အပိုင်းတစ်ခုလို့ ခံယူတယ်။ ဒီလိုဘက်ကကြည့်ရင် အဆောက်အအုံတစ်လုံး ဒီဇိုင်းထုတ်တယ်ဆိုတာကို သူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့ ပတ်သက်ဆက်နွယ်ကြည့် မြင်တယ် ။ ဒီလိုကျောင်းမျိုးဆိုရင်တော့ မြို့ပြလေ့လာမှု (Urban Studies) တွေ ပါဝင်တယ် ။ လူမျိုးကွဲပြားမှု ၊ ဝင်ငွေအဆင့် ၊ အလုပ်အကိုင် ၊ သယ်ယူပို့ဆောင်ရေး စသဖြင့်တွေဟာ ဒီဇိုင်းထုတ်ဖို့ နောက်ခံကားဖြစ်တယ် ။ ဒီမှာ ပြဿနာကတော့ နောက်ခံကားက ရှေ့တက်လာတတ်ပြီး စာရင်း ဇယားတွေပဲ ဦးစားပေးမိနေတော့ ဒီဇိုင်းက နောက်တန်း ရောက်နေတတ်တာပါပဲ ။
တချို့ ကျောင်းတွေကတော့ ဒီနည်းသုံးမျိုးစလုံးကို ရောမွှေပြီး ဟန်ချက်ညီတဲ့ ဗိသုကာပညာရေး ပေးနိုင်အောင် ကြံတယ်။ သူတို့ အောင်မြင်သလား ၊ မအောင်မြင်သလား ပြောဖို့ကတော့ စောနေသေးတယ် ။ နည်းတွေအားလုံးမှာ ကောင်းတာရော ၊ ချို့ယွင်းချက်ရော ရှိတယ်။ ဗိသုကာငယ်တွေက ကိုယ့်ဘာသာ ရွေးချယ်ဖို့ပဲ ၊ ကံကောင်းရင် ကျောင်းကသင်မပေးလိုက်နိုင်တာကိုလည်း တစ်ဖက်က အလုပ်လုပ်လေ့ကျင့်ရင်း ဆက်လက်လေ့လာခွင့် ရနိုင်ပါတယ်။
ဆက်လက် ဖော်ပြပါမည်။


မှတ်ချက် ။          ။ ဗိသုကာဆရာ မိုးမိုး ဘာသာပြန်ရေးသားထားသော မြန်မာနိုင်ငံ ဗိသုကာအသင်း ဖြစ်မြောက်ရေး မဂ္ဂဇင်း စာမျက်နှာ ၈၅ မှ ဆောင်းပါးကို မျှဝေ ဖော်ပြလိုက်ခြင်းဖြစ်ပါသည်။

3 people like this post.

Design Ideology ဖိုရမ်မှ “24” နာရီ တံခါးဖွင့် ကြိုဆိုနေပါသည်

January 01, 2011 :: Posted by - MTZO :: Category - Announcement

“Design Ideology ဖိုရမ်မှ “24” နာရီ တံခါးဖွင့် ကြိုဆိုနေပါသည်”

သိပ္ပံပညာရှင်ကြီးတွေက အခြေခံကျတဲ့ သဘောတရားတွေနဲ့ သီအိုရီတွေ အမျိုးမျိုးဖော်ထုတ်ကြပါတယ်။ အင်ဂျင်နီယာတွေ၊ ဗိသုကာတွေ၊ ဒီဇိုင်းပညာရှင်တွေကတော့ သူတို့ပြု…လုပ်မယ့် ဒီဇိုင်းနဲ့ တည်ဆောက်ရေး လိုအပ်ချက်အတွက် ဖြစ်နိုင်ချေရှိတဲ့ သင့်တော်မယ့် သီအိုရီတွေကို စနစ်တကျ အသုံးပြုကြပါတယ်။ Design Ideology ဖိုရမ်ဟာ သီအိုရီ အမျိုးမျိုးအပေါ် ကွဲလွဲချက်တွေနဲ့ တိုက်ခိုက်ဖို့မဟုတ်ဘဲ အသုံးပြုမယ့် အခြေအနေအလိုက် လိုအပ်ချက်တွေကို ဆွေးနွေးနိုင်စေရန်။

ဗိသုကာပညာရပ် နှင့် မြို့ပြအင်ဂျင်နီယာပညာရပ်များဟာ လူသားတစ်ဦးတစ်ယောက်အတွက် လုံခြုံစွာနေထိုင်ဖို့ အကာအရံ တစ်ခုအဖြစ်သာမဟုတ်၊ လူ့ယဉ်ကျေးမှု တစ်ခုလုံးအတွက် ချန်ထားရစ်ခဲ့မယ့် သမိုင်းတစ်ခုအဖြစ် ဘယ်လို အသုံးပြုကြမလဲဆိုတာ အဖြေရှာနိုင်စေရန်။

ဟင်းလင်းပြင်အတွက် ထွက်ပေါ်လာတဲ့ အတွေးအမြင်၊ အသိ၊ အယူအဆ၊ တန်ဖိုးထားမှု၊ နားလည်မှု၊ ယုံကြည်မှု၊ လက်ခံလိုက်မှု၊ အသုံးချမှု၊ လွင့်မြောမှု၊ အိပ်မက်ဆန်မှု၊ ထိတွေ့မှု စတဲ့ မနောဝိဉာဉ်မှာ ဖြစ်ပေါ်လာမိတဲ့ စိတ်ခံစားမှုတွေ အားလုံးအတွက် အဖြေရှာကြည့်နိုင်စေရန်။

ပတ်ဝန်းကျင် စိမ်းလန်း စိုပြည် သာယာနေခြင်းဟာ လူသားတို့အတွက် နေ့စဉ်လူမှု ဒုက္ခ အထွေထွေမှ တဒင်္ဂကင်းလွတ်ခွင့် ရရှိနိုင်စေပါတယ်။ အဲဒီလို စိမ်းလန်း စိုပြည် လှပမှုတွေကို မြေခင်းပညာရှင်များက ဖန်းတီးတည်ဆောက်ပေးနိုင်ပါတယ်။ အဲဒီမြေခင်းအလှဆင်ပညာရပ်ရဲ့ အရေးပါ အသုံးဝင်မှုကို လေ့လာနိုင်စေရန်။

အတွေ့အကြုံတွေဆိုတာ စာတွေ့နဲ့ လက်တွေ့ ကွာဟချက် တွေကိုလည်း ချိန်ညှိပေးနိုင်ပါတယ်။ သီအိုရီတိုင်းဟာ သက်ဆိုင်ရာ သက်သေပြချက်တွေနှင့် ပြီးပြည့်စုံနေပြီလို့ ထင်ရတတ်ပါတယ်။ ဒါပေမယ့် လက်တွေ့အသုံးပြုဖို့ ဆိုတာကတော့ သူ့ကို သေချာနားလည်ရုံနဲ့ ပြည့်စုံနိုင်ခြင်း မရှိပါ။ စနစ်တကျ အသုံးချတတ်ဖို့နဲ့ အသုံးချစဉ်မှာ ဖြစ်ပေါ်လာမယ့် အကောင်းအဆိုး အကြောင်းအကျိုးကိုလည်း နားလည်၊ ဖြေရှင်း၊ ချိန်ညှိနိုင်ဖို့ လိုအပ်ပါတယ်။ ဒီနေရာလေးဟာ လက်တွေ့ လုပ်ငန်းခွင်များမှ ရရှိလာတဲ့ အတွေ့အကြုံ၊ အသိအမြင်၊ အတွေးအခေါ်များကို အဖြေရှာဆွေးနွေးနိုင်စေရန်။

ပြတိုက်တစ်ခု မဟုတ်ပေမယ့် Design Ideology ဖိုရမ်မှာ အနာဂတ်ရဲ့တေးကို နားဆင်နိုင်သလို အတိတ်တချိန်က ထားရစ်ခဲ့တဲ့ ပညာရပ်တွေကိုလည်း မျှော်ကြည့်နိုင်ပါသေးတယ်။ လက်တွေ့လုပ်ငန်းခွင် ဝင်ရောက်တဲ့အခါ လိုက်နာရန် လိုအပ်တဲ့ အချက်အလက်များနဲ့ ကျင့်ဝတ်သဘောတရားများကို သိရှိနိုင်ပြီး ဆောင်ရန်၊ ရှောင်ရန် တို့ကိုလည်း မှတ်သားနာယူ နိုင်စေရန်။

တစ်ယောက်ရဲ့ အတွေးအခေါ်၊ အယူအဆကို အခြားတစ်ယောက်က ပြောင်းလဲပေးခြင်းထက် နေရာ၊ ဒေသ၊ ကာလ အလိုက် မတူညီနိုင်တဲ့ အခက်အခဲနဲ့ လိုအပ်ချက်များအပေါ် ဆွေးနွေးအဖြေရှာနိုင်စေဖို့။

အစရှိသော ရည်ရွယ်ချက်ပေါင်း များစွာဖြင့် Design Ideology ဖိုရမ်ကို ဖန်တီးတည်ဆောက် ခဲ့ပါတယ်။

အထက်ပါ ရည်ရွယ်ချက်များဖြင့် ဝါသနာတူ ညီအကို မောင်နှမများအား နွေးထွေးလှိုက်လှဲုစွာ ဖိတ်ခေါ်လိုက်ပါတယ်။ မည့်သည့်နေရာဒေသမှ ဖြစ်စေ၊ လာရောက်သော ဝါသနာတူ မောင်နှမများကို ကျနော်တို့ Design Ideology ဖိုရမ်မှ 24 နာရီ တံခါးဖွင့် ကြိုဆိုနေမည် ဖြစ်ပါတယ်။

Design Ideology Forum

4 people like this post.

Super Potato Concept သို့ MTZO ပေးသော မွေးနေ့လက်ဆောင်

October 12, 2010 :: Posted by - johnmoeeain :: Category - Design Concept

Interior Design နယ်ပယ်တွင် Design concept များသည် Designer တစ်ချို့၏ ဖန်တီးလုပ်ဆောင်လေ့ရှိသော ပုံစံများဖြင့် ထင်ရှားလာသောအခါ ထို Designer များ၏ အမည်နာမများဖြင့် လူသိများလာလေ့ရှိသည်။ ၄င်းတို့အနက် SUPER POTATO DESIGN CONCEPT ဟုဆိုလိုက်လျှင် ဂျပန်နိုင်ငံ၏ ကမ္ဘာကျော် Super Potato Design Firm ၏ ဖန်တီးလေ့ရှိသော ဒီဇိုင်းများကို နှိုင်းယှဉ် မြင်ယောင်ကြပါလိမ့်မည်။ SUPER POTATO DESIGN CONCEPT ကို မွေးဖွားပေးခဲ့သောသူမှာ ဂျပန်နိုင်ငံ၏ နာမည်ကျော် Interior Designer တစ်ဦးဖြစ်သော Takashi Sugimoto (တာကာရှီ ဆူကီမိုတို)ပင် ဖြစ်ပါသည်။

‘My philosophy is never to use expensive things for my designs’

Takashi Sugimoto ၏ ဒီဇိုင်းများသည် ဂျပန်လူမျိုးတို့၏ ရိုးရာဓလေ့များကိုလည်းကောင်း၊ ပထဝီ ရေမြေသဘာဝ၏ အရိုးထည်အလှကိုလည်းကောင်း လေးလေးနက်နက် ခံစားပြီး ဖန်တီးလေ့ရှိသည်။ တီထွင် ဖန်တီးထားသော material များထက် သဘာဝ material များဖြင့် ထုကြီးထည်ကြီး ဖန်တီးကာ နေရာတစ်ခုကို အလှဆင်လေ့ရှိသည်။ Takashi Sugimoto ၏ ဒီဇိုင်းများတွင် ရေအိုင် စမ်းချောင်းငယ်များအပေါ် တိုက်ခတ်နေသောလေနှင့် လွင့်ပါးနေသော တိမ်စိုင်များအား လှုပ်ရှားနေသော ပတ်ဝန်းကျင်အတွင်းတို့ ခေါ်ဆောင်လာပြီး ရေမြေသဘာဝ၏ အပြောင်းအလဲ ဖြစ်ပေါ်တတ်ပုံကို ခံစားနိုင်သည်။ ကျွန်တော်တို့ နေထိုင်မည့် space တစ်ခုအတွင်း သဘာဝတရား၏ အပြောင်းအလဲတစ်ချို့ကို ခံစားသွားစေရန် ဖန်တီးလိုခြင်းကို သူ၏ Super Potato Concept တွင် မြင်တွေ့နိုင်ပါသည်။ ရေထု၊ တိမ်စိုင်၊ အလင်းတန်းများနှင့် ခံစားနိုင်သော လေလှိုင်းသံများသည် တည်ငြိမ်စွာဖြင့် ရုပ်လုံးကြွဟန် ဖော်ဆောင်နေတတ်သည်။ ထို့အတွက် သူသည် သဘာဝ material များကို အသုံးပြုလေ့ရှိတတ်သည်။ 1973 ခုနှစ်တွင် မွေးဖွားခဲ့သော သူ၏ Super Potato Design Firm သည် 1984 နှင့် 1985 ခုနှစ်တွင် နှစ်နှစ်ဆက်တိုက် Mainichi Design Award ဆုကို ရရှိခဲ့ပါသည်။ှ

Grand Hyatt Guangzhou

Takashi က သူ မွေးဖွားခဲ့တဲ့ Potato အကြောင်းကို ယခုလို ရှင်းပြထားပါသည်။ သူ၏ ဒီဇိုင်းများတွင် အများအားဖြင့် တည်ငြိမ် ခန့်ညားသော texture များအား ရွေးချယ်လေ့ ရှိသကဲ့သို့ အမြင်ခံစားမှုတွင် အရိုင်းထည်ဆန်သော material များဖြင့် ထုထည်များအား အလွှာလိုက်၊ အတိုင်းအတာ အနက်တစ်ခုအထိ ရောက်အောင်လည်း ဖန်တီးတတ်သည်။ ထို့အပြင် ထူးခြားဆန်းပြားသော, အရောင်အသွေး စုံစုံနှင့် စွဲကြိုက် နှစ်သက်ဖွယ်ကောင်းသော ပစ္စည်းများအား အသုံးပြု၍ အချိန်တစ်ခု အကြာတွင် ရိုးအီသွားခြင်းမရှိအောင် အရိုးဆုံးပုံစံဖြင့် အမြဲဆန်းသစ်အောင် ဖန်တီးလေ့ရှိသည်။ အများအားဖြင့် နေ့စဉ်ဘဝတွင် မြင့်လေ့မြင်ထရှိသော သဘာဝ ပစ္စည်းများဖြင့် ဖန်တီးလေ့ရှိပြီး ဆန်းသစ်လှပသော အချိုးအဆများထက် ရိုးရှင်းသောအတွေးဖြင့် ပေးလိုသော အချိုးအဆစ်ကို စနစ်တကျ ဖန်တီးခြင်းတတ်သည်။ အထူးသဖြင့် ကျောက်တုံးကျောက်ခဲများနှင့် ဖန်, မှန်ထုများအား နီးကပ်စွာ ထားရှိ၍ သိသာထင်ရှား ကွဲပြားခြားနားသော ခံစားမှုကို ပေးလေ့ရှိသည်။ သူဖန်တီးလေ့ရှိသော ဒီဇိုင်းများအတွင်း ရောက်ရှိသွားသောအခါ အများအားဖြင့် စိတ်ကူးဉာဏ်အတွေးတို့ ဆန်းသစ်ပွင့်လန်းလာခြင်းကို ခံစားရလေ့ရှိသည်။ ရိုးရှင်းသော ဒီဇိုင်းဖန်တီးမှုအပေါ် ကွဲပြားသော အတွေးအမြင်များဖြင့် ခံစားသူများ အချင်းချင်း နွေးထွေးသော ရင်းနှီးကျွမ်းဝင်မှုများကို ရရှိစေသည်။

သူသည် အလင်း၏ အဝင်အထွက် အတိုးအလျော့ အမှိန်အဖျော့ ကို ဒီဇိုင်းတစ်ခု၏ အနေအထားအလိုက်၊ ခံစားမှုအလိုက် အသုံးပြုလေ့ရှိသည်။ ထို့အတွက် သူဖန်တီးသော space လေးများသည် ရိုးရိုးရှင်းရှင်းဖြင့် အတွေးဘဝင်ငြိတွယ်ဖွယ်၊ ချစ်ခင်တိမ်းမူးဖွယ် ဖြစ်လာပြီး အချို့သည် အနေအထားအလိုက် အံ့သြဘနန်း ဆန်းကြယ်ခန့်ညားလာလေ့ရှိသည်။

Material တစ်ချို့သည် တန်ဖိုးမြင့်မည်၊ တစ်ချို့သည် တန်ဖိုးနိမ့်မည်၊ တစ်ချို့သည် အသုံးဝင်သည့်အတွက် အသုံးပြုသည်၊ တစ်ချို့သည် အလှဆင်ဖို့အတွက် အသုံးပြုသည်။ စင်စစ်အားဖြင့် interior အခန်းတစ်ခုအတွင်း အသုံးပြုထားသော material များသည် အချိန်တစ်ခု၏ အဓိပ္ပါယ်ကို ပြဆိုတတ်ကြသည်။ ထို အထဲမှ Takashi သည် ဈေးသက်သက်သာသာဖြင့် ရရှိနိုင်သော၊ အချိန်အခါအလိုက် တန်ဖိုး မပြောင်းလဲသော material များကို အထူးတလည် အသုံးပြုတတ်သူ ဖြစ်သည်။ ထို့အတွက် သူဖန်တီးသော ဒီဇိုင်းများအား ယနေ့ ခံစားမှု နှင့် နောက်တစ်နေ့ ခံစားမှုတို့အကြား အကွာအဟ နည်းလေ့ ရှိသည်။ ထိုအရာသည်ပင် သူ၏ ဒီဇိုင်းများ၊ သူ၏ ဖန်တီးမှုများ၏ ထင်ရှားကျော်ကြားမှုတစ်မျိုး ဖြစ်လာသည်။

[ စကားချပ်။…..။ MTZO ပေးတဲ့ မွေးနေ့လက်ဆောင်က ကြီးလွန်းလို့ ချက်ချင်း မတင်နိုင်ခဲ့ပါဖူး။ အခုမှပဲ back date နဲ့ အဲ့ဒီ present ကြီးကို တင်လိုက်နိုင်ပါတယ်….။ :P :P Mood Image လေးတွေ အားလုံးကတော့ MTZO ရဲ့ အားထုတ်မှုပါပဲ :D ….

ဂျွန်မိုးအိမ်


4 people like this post.

နေရပ်ဒေသအချိန်အခါနှင့် ဗိသုကာအတတ်ပညာ

October 11, 2010 :: Posted by - rooney wayne :: Category - Architectural

ဗိသုကာဦးတင်အောင်


ကမ္ဘာကြီသည် ကျယ်ဝန်းသရွေ့ ကမ္ဘာတစ်ခွင်လုံးမှာရှိကြသည့် သက်ရှိသတ္တဝါအားလုံးတို့ နေထိုင်ရာဒေသများကို ပန်းချီ၊ ပန်းပု၊ ဗိသုကာပညာရှင်ကြီးများက ရာစုနှစ်အလိုက် တည်ဆောက်ရေး နည်းပညာများဖြင့် အဆင့်ဆင့်တွေးခေါ် တီတွင်ဖော်ထုတ် ဆောင်ရွက်ခဲ့ကြပေသည်။
၁၄-၁၅ ရာစုနှစ်တွင် ဥရောပတိုက်ရှိ ရောမခေတ်တွင် ပေါ်လွင်ထင်ရှားသည့် စိန်ပီတာအဆောက်အအုံများသည် ခုံးပေါက်၊ ခုံးလုံး၊ ခုံးခြမ်းပေါင်းများ ဆောက်လုပ်ရာတွင် တက်ကျွမ်းပြီး လက်ရာတစ်ခေတ် တီထွင် တည်ဆောက်ခဲ့သည်ကိုတွေ့ရပေသည်။ (ပုံ-၁)

၁၅ ရာစုနှစ်တွင် (The Civilization of the Renaissance) ရိုင်နေဆင့် ယဉ်ကျေးမှု ပေါ်ပေါက်လာချိန်မှာ အနုပညာနှင့် သိပ္ပံပညာဆောင်ရွက်ခြင်း တွေ့ရသည်။
ဘရွန်နယ်(လ်)ချီ (Brunelllechi) သည် ဗိသုကာဆရာဖြစ်ပြီး ပန်းပုပညာနှင့် သိပ္ပံနည်းဖြင့် တွက်ချက်မှုကို ဝါသနာပါသော အင်ဂျင်နီယာလည်း ဖြစ်ခဲ့သည်။ ဖလော်ရင့်(စ်) (Florence) ဘုရားရှိခိုးကျောင်းတွင် ၎င်း၏ခုံလုံးပေါင်းကို တွက်ချက်၍ ငြမ်းမဆင်ဘဲ ဆောက်လုပ်နိုင်ခဲ့သည့်အတွက် ရိုင်နေဆင့်ခေတ် တစ်ခေတ်ထွန်းကားခဲ့သည်။
(Masaccio) မာဆာဆီရိုသည် ပန်းချီပညာရှင်ဖြစ်ပြီး တီရီနီတီ (Trinity) ဘုရားရှိခိုးကျောင်းတွင် (Fresco) ဖရက်စ်ကို ရေဆေးပန်းချီရေးဆွဲ ဖော်ပြခြင်ဖြင့် ဗိသုကာပညာကို အားဖြည့်သည့် သဘောဖော်ဆောင် ပေါ်လွင်စေသည်။
၁၆-၁၇ ရာစုနှစ်တွင် ရိုင်နေဆင့် ထွန်းကားနေချိန်မှာ မြို့ပြကွက်များ ပေါ်ပေါက်လာပါသည်။ သစ်ပင်၊ ပန်းပင်များ သဘာဝအလျောက် ကြီးထွားလာကြသဖြင့် နေရာကျယ်ပြန့်လာသလို လူများမှာလည်း တိုးပွားများပြားလာ၍ မြို့ပြစီမံကိန်းများကို လူနေအိမ်ရာများချထားနိုင်ရန် ပေါ်ပေါက်လာရလေသည်။
Tuscan Architect (Antonio Filarete) တတ်(စ်)တင် ဗိသုကာသည် (Sfozinda) ဆာဖိုဇင်းဒါးမြို့ကို ကြယ်ပွင့်သဏ္ဍာန် (The star-shaped city) မြို့ပြစီမံကိန်းကို ဆောင်ရွက်ခဲ့ပေသည်။
ဆာဖိုဇင်းဒါးမြို့ကွက်ပုံစံသည် ရှစ်မြှောင့်အချွန် ကြယ်ပွင့်ဖြစ်ပြီး မြို့၏ပြင်ပနံရံတွင် တစ်ဆယ့်ခြောက် ထောင့်ဖြင့်တီထွင်ဆောင်ရွက်ခဲ့သည်။ လမ်းများကို မြို့၏အလယ်ဗဟိုသို့ ဦးတည်ပြီး မြို့၏ အလယ်ချက်မကွက်တွင် မျှော်စင်ကဲ့သို့ အဆောက်အအုံကြီး တည်ဆောက်ထားသည့်အတွက် မြို့အကွက်တိုင်းကို မြင်နိုင်စေသည်။ (ပုံ-၂)

ဂျော်ဂျီယိုနှင့် ဗင်စီ (Francesco di Giorgio and Leonardo da Vinci ) တို့ကလည်း ဖေလာ်ရင့်(စ်)မြို့ပြကွက်ကို ကျားကွက်ပုံစံရေးဆွဲပြီး အားနိုးမြစ် (River Arno ) ကို မြို့လယ်မှဖြတ်သည့်ပုံစံဖြင့်ဆောင်ရွက်ခဲ့သည်။ (ပုံ-၃)

မိုက်ကယ်အင်ဂျီလို (Michelangelo) သည် ပန်းပုနှင့် ပန်းချီပညာရှင်ဖြစ်ပြီး ဗိသုကာပညာတွင် ထူးချွန်သူဖြစ်သည်။ ပင်ကိုယ်ညဏ် ကောင်းပြီး (၁၇) ရာစုတွင် တစ်ခေတ်ဆန်းသစ်ပြီး ရောမမြို့တော် (The Capito Rome)ကို တီထွင်ဖန်တီး ဆောင်ရွက်ခဲ့သည်။ (ပုံ-၄)

ဘာရိုမီနီ (Francesco Borromini) သည် အီတလီနိုင်ငံ မြောက်ပိုင်းကဖြစ်ပြီး စိန်ပီတာ ဘုရားရှိခိုးကျောင်း အဆောက်အအုံတွင် ပန်းရံဆရာအဖြစ် ဆောင်ရွက်ခဲ့သည်။ သူသည် ပန်းပုဆရာလည်းဖြစ်ပြီး ဗိသုကာပညာကို ရသမြောက်အောင် တီထွင်ဖန်တီးနိုင်သူဖြစ်သည်။
ရိုင်နေဆင့် (Renaissance) အချိန်အခါ ပြီးမြောက်ခဲ့ပြီးနောက် ဘာရောက် (Ba-roque) အချိန်အခါသို့ ပြောင်းလဲလာသည့် အချိန်တွင် ယခင်အဆောက်အအုံ များတွင်နံရံမျက်နှာပြင်များကို တစ်ပြင်တည်း တစ်ညီတည်း တစ်ပြေးညီ ဆောက်လုပ်ခဲ့သည်ကို ဘရိုမီနီက ပုံစံပြောင်းလဲ၍ အဆောက်အအုံမျက်နှာစာကို အတွန့်အတက်ဖြင့် မွမ်းမံမှုများ ပြုလု်ဖန်တီးဆောင်ရွက်နိုင်ခဲ့သည်။ သူ၏ ပထမဥိးဆုံးဆောင်ရွက်ခဲ့သည့် အဆောက်အအုံကို ၁၈-၁၉ ရာစုအထိ ဥရောပတွင် သူ၏ဗိသုကာပညာ တီထွင်မှုကို တစ်ခေတ်ဆန်းသစ်ကြောင်း မှတ်သားကြရသည်။ (ပုံ-၅)

၁၈ရာစုနှစ်မှာတော့ အဂ်လန်နိုင််ငံတွင် စက်မှုတော်လှန်ရေး (Industrial Revolution) စတင် ပေါ်ပေါက်လာသည်။ စက်ရုံ အလုပ်ရုံများနှင့် စက်မှုပစ္စည်းများထုတ်လုပ်မှုကြောင့် ကမ္ဘာတစ်ဝန်းလုံး အခြေအနေပြောင်းလဲစေခဲ့သည်။
အလုပ်သမား၊ လယ်သများများ စသည်ဖြင့် လူတိုင်းစက်မှုပစ္စည်းများ တီထွင်ပြုလုပ်ကြသည်။ အထူးသဖြင့် သံ၊ သံသတ္တု ပစ္စည်းများထုတ်လုပ်လာမှုကြောင့် အဆောက်အအုံများ တည်ဆောက်မှု ပြောင်းလဲလာစေသည်။
အေဘရာဟင်ဒါဘီ (Abraham Darby)သည် လေဖြင့် မှုတ်သည့် မီးဖိုကြီးများဖြင့် သံ၊ သံသတ္တုပစ္စည်းများကို သံချောင်း၊ သံပြားပုံအမျိုးမျိုး ဖော်ထုတ်ပြုလုပ်သည်။ သံထည်ပစ္စည်းများကို များစွာထုတ်လုပ်နိုင်အောင် (Mass Production) ဆောင်ရွက်လေသည်။
ဒါဘီ မိးသားစုအဆက်ဆက်ဖြင့် သံထည်ပစ္စည်းများကို ထုတ်လုပ်ခဲ့ရာ၊ ပထမဆုံး မီးရထားသံလမ်းများပြုလုပ်လာနိုင်သည်။ ၎င်းပြင် ဒါဘီသည် ပထမဥိးစွာ (Cast iron) သံကြွပ်ဖြင့် ဆီဖန်မြစ် (Severn) ကိုဖြတ်၍ ခုံးတံခါးတစ်ခုကို စမ်းသပ် တည်ဆောက်လေသည်။ ၎င်းတံတားကို သံခုံးငါးခုဖြင့် စက်ဝိုင်းခြမ်း (semi circle) ပုံဏ္ဍာန်ဆောက်လုပ်ပြသည်။ (ပုံ-၆)

သိပ္ပံ နည်းပညာများတိုးတက်လာသည့်အတွက် သံ၊ သံသတ္တုများမှ တစ်ဆင့် (Steel) သံမဏိပစ္စည်းများကို ပိုမိုခိုင်မာအောင်ပြုလုပ်ပြီး သံတိုင်၊ သံဘောင် သံကြိုးများပြုလုပ်၍ တံတားများနှင့် အဆောက်အအုံများတွင် အသုံးပြု တည်ဆောက်ကြပေသည်။
ပြင်သစ်တွင် ကဇာတ်ရုံကြီးများ၊ သိုလှောင်ရုံ အဆောက်အအုံများတွင် သစ်သားဖြင့်ပြုလုပ်ထားသော အမိုးဒိုင်းများအစား၊ သံထည်ပစ္စည်းများကို အမိုးဒိုင်းများပြုလုပ်၍ တည်ဆောက်ကြသည်။ ဗိသုကာ
ဘယ်(လ်)လင်း (Bellange)နှင့် အင်ဂျင်နီယာ ဘရုနက် (Brunet) တို့က ဂရင်နရီ (Granary) အဆောက်အအုံကြီး၏ ခုံးအမိုးကို သံထည်ဖြင့် ဆောက်လုပ်ခဲ့သည်။ ၎င်းအဆောက်အအုံဆောက်လုပ်ခြင်းသည် ဗိသုကာနှင့် ဆောက်လုပ်သူမှာ တစ်ဥိးတည်း မဟုတ်ကြောင်း ဖော်ပြထားသည်။
၁၉ ရာစုနှစ်အတွင်း ပြင်သစ်တွင် ပထမဆုံးကြိုးတံတား (Wire Cable Suspension Bridge) ကို (Mare Seguin) ဆီဂူရင်က ဆောက်လုပ်ပြခဲ့သည်။ အမေရိကန် နိုင်ငံတွင်လညး် ဆီဂူရင်၏တည်ဆောက်ရေးစနစ်ကို အခြေခံပြီး ကမ္ဘာပေါ်တွင် အရှည်ဆုံးကြိုးတံတား ဂိုလ်ဒင်းဂိတ်တံတား (The Golden Gate Bridge)ကို ဆန်ဖရန်စစ်စကိုမြစ် (San Francisco Bay) ကိုဖြတ်၍ဆောက်လုပ်ခဲ့သည်။
သိပ္ပံနှင့် စက်မှုနည်းပညာများ တိုးတက်လာခြင်းကြောင့် ဗိသုကာနှင့် အင်ဂျင်နီယာများမှာ အခွင့်အလမ်းပေါ်ပေါက်လာခဲ့သည်။ ဗိသုကာများက တွေးခေါ်မှု၊ ခံစားမှုဖြင့်ဆောင်ရွက်ကြသလို အင်ဂျင်နီယာများကလည်း သိပ္ပံနည်းပညာဖြင့် တွက်ချက်၍ အဆောက်အအုံများ ကတည်ဆောက်ရန် သီခြားဆောင် ရွက်ကြသည်။
သံထည်ပစ္စည်းများမှ သံမဏိသံတိုင်များ ၊ ယက်မများ၊ အခင်းသံပြားများ ပြုလုပ်လာကြပြီး အထပ်များများ အဆောက်အအုံများ ဆောက်လုပ်ကြသည်။ ၎င်းအတွက် အဆောက်အအုံအထပ်များသို့ တက်နိုင်ရန် စက်မှုဖြင့် တီထွင်ပြီး ဓာတ်လှေကား (Elevator) ကို ဘော့စတွန်နှင့် နယူးယောက်တွင် အိုတစ် (Elisha Graves Otis) ဆိုသူကမ္ဘာမှာ ပထမဥိးဆုံးဓာတ်လှေကားကို (Crystal Palace) ပြပွဲတွင် ဆောက်လုပ်ပုံကို ပြသခဲ့သည်။ ၎င်းအိုတစ်အမျိုးအစား ဓာတ်လှေကားကို ယခုအခါတွင်တို အသုံးပြုကြလေသည်။ (ပုံ-၇)

(၁၉)နှစ်ရာစုတွင် နပိုလီယန်သည် (Napoleon)သည် အီကို(လ်)ကျောင်း (Ecoledes Beaus-Arts) ကိုတည်ထောင်နိုင်ခဲ့သည်။ ဗိသုကာအတတ်ပညှာကို အခြားသော အနုပညာများနှင့် ပေါင်းစပ်မှုရရှိအောင်ဖြစ်သည်။
ပြင်သစ်တော်လှန်ရေးအပြောင်းအလဲတွင်၊ အီကို(လ်)သိပ္ပံကျောင်း (Ecole Polytechnique) ကိုတည်ထောင်ပြန်သဖြင့်၊ ကျောင်းနှစ်ကျောင်း အပြိုင်အဆိုင်ဖြစ်လာသည်။ အီကို(လ်) သိပ္ပံကျောင်းတွင် သင်္ချာနှင့်သိပ္ပံ ဆရာများက စာတွေ့ လက်တွေ့ သင်ကြားပေးသည်။
၎င်းကျောင်းနှစ်ကျောင်းတွင် အင်ဂျင်နီယာနှင့် ဗိသုကာဆက်သွယ်မှု၊ ဆောင်ရွက်မှုများကို စကားရည်လုပွဲပြုလုပ်၍ အခြေတင် ဆွေးနွေးမှုများ ပြလုပ်သည်ကို (၁၉) ရာစုနှစ် ဗိသုကာဂျာနယ်မဂဇင်းတွင် ဖော်ပြထားသည်။
၁၉-၂၀ ရာစုရောက်လာသည့်အခါ ဗိသုကာပညာရှင်များ ထင်ပေါ်ကျော်ကြားလာပြီး အင်ဂျင်နီယာများကလည်း ပူးပေါင်း ဆောင်ရွက်လာကြသည်။
လာဘရော(စ်)တီး (Henri Labrouste) သည် ပြင်သစ်နိုင်ငံပါရီမြို့တွင် မွေးဖွားသည်။ သူသည် ဗီသုကာပညာရှင်ဖြစ်ပြီး အင်ဂျင်နီယာလည်း ဖြစ်သည်။ လာဘရော(စ်)တီးသည် အီကိုလ်(Ecole Beaux-Art) ကျောင်းဆင်းဖြစ်ပြီး ပညာတော်သူဖြစ်သည်။ ပါရီမြို့တွင် စာကြည့်တိုက် အဆောက်အအုံကို (cast iron columm) သံတိုင်တစ်ဆယ့်ခြောက်ခုပေါ်တွင် အခြေခံပြီး သံများပြုလုပ်၍၊ သံအမိုးတွင်း မှန်ဝိုင်း မျက်နှာကျက်ပြုထားသဖြင့် အလင်းရောင်ကောင်းစွာရရှိလေသည်။ (ပုံ-၈)

၁၉ရာစုတွင် ထူးချွန်သူ ဗိသုကာ အင်ဂျင်နီယာ အတတ်ပညာရှင် အီဖယ်(လ်) (Gustave Eiflfel) သည် ဘာဂံဒီမြို့ (Burgundy) တွင်မွေးဖွား၍ အီကို(လ်)သိပ္ပံကျောင်းတွင် ပညာသင်ခဲ့သည်။
အီဖယ်(လ်)သည် ပေတစ်ထောင်အမြင့် မျှော်စင်ကြီးကို ပါရီမြို့ပြပွဲအတွက် ပါရီမြို့အလယ်တွင် တည်ဆောက်ခဲ့သည့်အတွက် လူတိုင်းအ့ံ့သြလောက်အောင် ဖြစ်ရပြီး၊ ယခုတိုင်အောင် နိုင်ငံတိုင်းက လာရောက်လေ့လာကြည့်ရှုရသည်။
အီဖယ်(လ်)သည် သံတံတားကြီးများ တည်ဆောက်သလို တစ်ထပ်ပြီးတစ်ထပ် ပုံစံထုတ်လုပ်၍ ဆွစ်လူမျိုး အင်ဂျင်နီယာက သံထည်ကိုတွက်ချက်ပေးသည်။
(၁၉) ရာစုအလယ်လောက်တွင် ဟော်တာ (Victor Horta) သည်ဘရပ်ဆယ်မြို့(Brussel) မှ ခေတ်မီသောဗိသုကာပညာရှင် ဖြစ်သည်။ သူသည် ခေတ်ပေါ်အိမ်ရာများကို ဆောက်လုပ်ရာတွင် (Cast iron Column) သံတိုင်ကိုအသုံးပြုပြီး လှေကားတွင် သံပန်းများဖြင့် ဆောက်လုပ်ရာ ဆန်းသစ်သည်။ အနုပညာလက်ရာ မြောက်သည်။ (ပုံ-၉)

ထိုရာစုမှာပင် (Otto Wagner) ဝက်(ခ်)နာသည် (Vienese School) ဗီရင်နီ(စ်)ကျောင်း၊ ဗိသုကာဌာနတွင် ပါမောက္ခဖြစ်သည်။ သူသည် ကျောင်းသားများ အတွက် သင်ကြားနိုင်ရန် ခေတ်မီဗိသုကာအတတ်ပညာစာအုတ်ထုတ်သည်။ ဝက်(ခ်)နာသည် မီးရထားဘူတာရုံ ပြတိုက်၌ စာတိုက် အဆောက်အအုံများကို သံထည်နှင့် မှန်ပေါင်းစပ်၍ ဆောက်လုပ်သည်။ အမိုးကို မှန်ခုံးများကို သံဘောင်များနှင့် တပ်ဆင်ဆောက်လုပ်သဖြင့် ဗိသုကာလက်ရာ ဆန်းသစ်ပေါ်လွင်လာသည်။ (ပုံ-၁၀)

၁၉-၂၀ ရာစုနှစ်အတွင်း သိပ္ပံနည်းပညာ တိုးတက် ဆောင်ရွက်နိုင်သည့်အတွက် ဗိသုကာ အင်ဂျင်နီယာများမှာ အဆောက်အအုံများ ဆောက်လုပ်ရန် (Ferro Concrete) ကွန်ကရစ်နှင့် သံပေါင်းစပ်၍ ဆောက်လုပ်နိုင်သည့် ပစ္စည်းအသစ်အဆန်း ပေါ်ပေါက်လာသည်။
ဘိလပ်မြေ (proland Cement)ကို အရည်ဖျော်၍ သံလုံး၊ သံချောင်းများ ပေါင်းစပ် ဆောင်ရွက်ခြင်းကို ဖယ်ရို ကွန်ကရစ်ဆောက်လုပ်ခြင်း စနစ်သစ်ကို ရရှိလာသည်။ ၎င်းမှတစ်ဆင့် ၂၀ ရာစုအတွက် (Reinforce Concrete) သံကူ၊ သံဖြည့် ကွန်ကရစ်ဖြစ်လာပြီး အဆောက်အအုံမျိုးကို ဆောက်လုပ်လာနိုင်သည့်အတွက် ဗိသုကာ အင်ဂျင်နီယာများအတွက် ခေတ်တစ်ခေတ် ပြောင်းလဲဆန်းသစ်လာလေသည်။

ဆက်လက် ဖော်ပြပါမည်။
မှတ်ချက် ။ ။ ဗိသုကာဆရာ ဦးတင်အောင် ဘာသာပြန်ရေးသားထားသော မြန်မာနိုင်ငံ ဗိသုကာအသင်း ဖြစ်မြောက်ရေး မဂ္ဂဇင်း စာမျက်နှာ ၆၂ မှ ဆောင်းပါးကို မျှဝေ ဖော်ပြလိုက်ခြင်းဖြစ်ပါသည်။

1 person likes this post.

မြန်မာပြည်ထွက် အသုံးဝင် သစ်များအကြောင်း

October 04, 2010 :: Posted by - rooney wayne :: Category - Building Technology

မြန်မာပြည်ထွက် အသုံးဝင် သစ်များအကြောင်း (Useful Timbers of Myanmar)


ကျွန်းသစ် (Teak)

ကျွန်းသည် တစ်နှစ်တစ်ကြိမ်ရွက်သစ်လဲသော သစ်မျိုးဖြစ်ပြီး အကောင်းဆုံးသစ်ဖြစ်သည်။ အကာသား နည်း၍ အနှစ်သားများပြီး အကာသားမှာ အဖြူရောင်မှ အဝါရင့်ရောင် အထိရှိသည်။ အနှစ်သည် အညိုရောင်ရှိ၍ လေသလပ်သောအခါ ညိုမဲလာတတ်ပြီး နှစ်ပေါင်းများစွာ ကြာသော် အညိုရင့်ရောင် ဖြစ်လာတတ်သည်။
ကျွန်း၏ဂုဏ်သတ္တိနှင့် အသုံးဝင်ပုံများ Properties and Uses

အသင့်အတင့် လေးလံမာကျောသည်။ လိမ်ကောက်ကွဲအက်ခြင်း၊ ကြုံလှီခြင်း နည်းပါသည်။ ကြာရှည် စွာခိုင်မြဲ၍ ခြကောင်များ မဖျက်ဆီးနိုင်ပေ။ မည်သည့်နေရာတွင်မဆို သုံးနိုင်ပြီး များသောအားဖြင့် သင်္ဘောဆောက်လုပ်ခြင်း၊ တံတားဆောက်ခြင်း၊ မိးရထားတွဲများ ပြုလုပ်ခြင်း၊ အဆောက်အအုံဆောက်လုပ်ခြင်း၊ အိမ်ထောင်ပရိဘောဂများ ပန်းပုများနှင့် အခြားအသုံးအဆောင် ပစ္စည်းများ ပြုလုပ်ခြင်းတွင် အသုံးပြုနိုင်သည်။ ဤသို့အစစ ကောင်း၍ လှပသောကြောင့် တန်ဘိုးအကြီးဆုံးသစ်ဖြစ်သည်။


ပျဉ်းကတိုး (Pyingado)


အနှစ်သည် နီိညိုရောင်ရှိ၍ နှစ်ကြာသော် နီညိုရင့်ရောင်အဖြစ်သို့ ပြောင်းလဲ သွားတတ်သည်။
ဂုဏ်သတ္တိနှင့် အသုံးဝင်ပုံ

အလွန်မာ၍ ခိုင်ခံ့သည်။ ဖြတ်တောက် အသုံးပြုသောအခါ အမျှင်များ ထွက်တတ်၍ လုပ်ကိုင်ရာတွင် ခဲယဉ်းသည်။ ထက်မြက်သော ကရိယာနင့် ဖြတ်တောက်ပါက သေသပ် ချောမွတ်သော မျက်နှာပြင် ကိုရ၍ အရောင်တင်နိုင်လေသည်။ ခြစားခြင်း၊ ပိုးစားခြင်း အလွန်နည်းသည်။ မည်သည့်နေရာတွင်မဆိုသုံးနိုင်၍ အများအားဖြင့် တံတားတိုင်များ၊ အဆောက်အအုံများ မီးရထားသံလမ်း အောက်ခံ ဇလီဖားတုံးများနင့် ကရိယာတန်ဆာပလာများ၏ လက်ကိုင်ရိုးမား ပြုလုပ်ရာတွင် အသုံးပြုလေသည်။
ပိတောက် (Padauk)

အနစ်မှာ နီဝါရောင်မှ နီမြန်းသော အရောင်ထိရှိသည်။ လေသလပ်သောအခါ ရင့်သော ဝါနုညိုရောင် အဖြစ်သို့ ပြောင်းလဲသွားလေသည်။


ဂုဏ်သတ္တိနှင့် အသုံးပြုပုံ

လေးလံ၍ မာကျောသောသစ် တစ်မျိုးဖြစ်၏။ သစ်အမျှင်များရောယှက်နေ၍ လုပ်ကိုင်ရာ၌ ခဲယဉ်းသည်။ ထက်မြက်သော ကရိယာဖြင့် ဖြတ်ပါက ချောမွတ်သော မျက်နှာပြင်ကိုရ၍ အလွန်ကောင်းမွန်လေသည်။ အချိန်ကြာမြင့်စွာ အသုံးပြုနိုင်ခြင်း၊ လှည်းပုံတောင်းများ၊ လှည်းအိမ်များ၊ အိမ်ထောင်ပရိဘောဂများ ပစ္စည်းတန်ဆာပလာများ၏ လက်ကိုင်ရိုးများ၊ parquet floor ခေါ် သစ်တံးကွက် ကြမ်းပြင်များ စသည်တို့ ပြုလုပ်ရာတွင် အသုံးပြုကြလေသည်။
သစ်ယာ (Thitya)

အကာသားမှာ ဖြူညိုရောင်ရှိ၍ အနှစ်သားမှာ အညိုဖျော့ရောင်ဖြစ်ပြီး နှစ်ကြာလျှင် အညိုရင့်ရောင်သို့ ကူးပြောင်းသွားလေသည်။
ဂုဏ်သတ္တိနှင့်အသုံးပြုပုံ

အလွန်မာ၍ လေးလံသည်။ အမျှင်များ၍ ဖြတ်တောက်လုပ်ကိုင်ရာတွင် ခဲယဉ်းသည်။ ချောမွတ်သော မျက်နှာပြင်ကို ရရှိရန် သတိထား၍လုပ်ကိုင်ရ၏။ တံတားများ၊ အဆောက်အအုံများ၊ လှည်းများနှင့် လှေများပြုလုပ်ရာ၌ အထူးသဖြင့် အသုံးပြုကြလေသည်။ ပျဉ်းကတိုးသား မရှိလျှင် မီးရထား သံလမ်း အောက်ခံ ဇလီဖားတုံး အဖြစ်နှင့်လည်း အသုံးပြုနိုင်သည်။
အင်ကြင်း (Ingyin)

ယင်း၏ အရောင်မှာ အညိုရောင်ဖြစ်ပြီး သစ်ယာသားနှင့် ခွဲခြားမရအောင်တူသည်။
ဂုဏ်သတ္တိနှင့်အသုံးပြုပုံ

လေးလံ၍ မာကျောသောသစ် ဖြစ်သည်။ ကြာရှည်ခံသော သစ်ဖြစ်ပြီး နှစ်ပေါင်းများစွာကြာသောအခါ ကျောက်ဖြစ်သွားတတ်သည်။ အမျှင်များ၍ လုပ်ကိုင်ရာတွင် ခဲယဉ်းသည်။ တံတားများ၊ အဆောက်အအုံများ၊ လှည်းများ လှေများ၊ သံလမ်းအောက် ဇလီဖားတုံးများ အဖြစ် အသုံးပြုသည်။
အင်းသား (Eng)
အနှစ်သည်အညိုရောင်ရှိ၍ အကာသည် ဖြူနီရောင်ရှိလေသည်။
ဂုဏ်သတ္တိနှင့်အသုံးပြုပုံ

အသားကြမ်း၍ ကြာရှည်ခံနိုင်မှု မရှိချေ။ သို့သော် ရေနံသုတ်ခြင်း၊ အခြားဆေး သုတ်ခြင်း၊ ဆေးစိမ်ခြင်း အားဖြင့် ကြာရှည်ခံအောင် ပြုလုပ်နိုင်သည်။ သစ်လုံးကြီးထွား၍ ခွဲစိတ်သောအခါ အရွယ်အစားကြီးသော သစ်များကို ရနိုင်သည်။ အသားအနည်းငယ် မာပြီးလုပ်ကိုင်ရာတွင် လွယ်ကူသည်။ အရောင်တင်ဆီ သုတ်လိမ်းရာတွင် ကောင်းမွန်ခြင်းမရှိချေ။ ဈေးသက်သာ၍ ယာယီအဆောက်အအုံများနှင့် အခြားအလေးဝန် မထမ်းဆောင်ရသော နေရာများတွင် အသုံးပြုကြလေသည်။
ကညင် (Kanyin)

ကညင်သားသည် အင်သားနှင့်များစွာတူ၍ ယင်းသစ်မျိုးကို ခြများ နှစ်သက်သဖြင့် အထူး ဂရုပြုသင့်သည်။
ဂုဏ်သတ္တိနှင့်အသုံးပြုပုံမှာ အင်သားကဲ့သို့ပင်ဖြစ်သည်။
ပျဉ်းမသား (Pyinma)

ယင်းသစ်၏အရောင်မှာ အနီရောင်ဖျော့ဖျော့ဖြစ်သည်။
ဂုဏ်သတ္တိနှင့် အသုံးပြုပုံ
ဤသစ်မျိုးသည် အသင့်တင့်မာသည်။ ဆားငံရေတွင် အလွယ်တကူ ပျက်စီးမှု မရှိသဖြင့် လှေများ ပြုလုပ်ရာတွင် အသုံးပြုလေ့ရှိသည်။ ယာယီ အဆောက်အအုံများနှင့် အိမ်ထောင် ပရိဘောဂများ တွင် အသုံးပြုလေသည်။
သစ်ခါး (Thitkha)
အနှစ်သားမှာ နီမြန်းသောအရောင်ရှိသည်။
ဂုဏ်သတ္တိနှင့် အသုံးပြုပုံ

အသင့်အတင့်မာ၍ အလွန်ဖြောင့်တန်းသောသစ် ဖြစ်သည်။ ဖြတ်တောက်လုပ် ကိုင်ရာတွင် လွယ်ကူ၍ အရောင်တင်ရန် ကောင်းသော သစ်ဖြစ်သည်။ ခိုင်ခံ့၍ ရွက်တိုင်နှင့် လှော်တက်များ ပြုလုပ်ရာတွင် အသုံးဝင်သည်။ အထပ်သားနှင့် အိမ်ထောင်ပရိဘောဂ ပြုလုပ်ရာတွင်လည်း များစွာ အသုံးဝင်သည်။
ယင်းမာ (Yinma)

အနှစ်သားသည် ဖြတ်ခါစတွင် အဝါဖျော့ရောင်ရှိ၍ လေသလပ်ခံသောအခါ အညိုရောင်သို့ ပြောင်းလဲလာတတ်သည်။
ဂုဏ်သတ္တိနှင့် အသုံးပြုပုံ
အသင့်အတင့် ခိုင်ခံ့သည်။ လှပသောအကွက်များရှိ၍ အရောင်တင်ရာတွင် အလွန်လှပလေသည်။ ထိုကြောင့် သုံးထပ်သားနှင့် အိမ်ထောင်ပရိဘောဂများ ပြုလုပ်ရာ၌ အသုံးပြုသည်။
နှော (Hnaw)
ယင်းအသား၏အရောင်မှာ အဝါဖျော့မှ အဝါရင့်ရောင်ရှိသည်။
ဂုဏ်သတ္တိနှင့် အသုံးပြုပုံ
အသားမှာလှပ၍ ပေါ့ပါးသောသစ်ဖြစ်သည်။ အရောင်တပ်ရာတွင် လှပ၍ အိမ်ထောင်ပရိဘောဂများ ပြုလုပ်ရာတွင် များစွာအသုံးပြုလေ့ရှိသည်။ ယာယီအဆောက်အအုံများ၌လည်း အသုံးပြုကြသည်။
သရက် (Thayet)

ယင်း၏အရောင်မှာ အဝါဖျော့ရောင်ရှိသည်။
ဂုဏ်သတ္တိနှင့် အသုံးပြုပုံ
ပေါ့ပါးသောသစ်ဖြစ်သည်။ အရောင်တင်လျှင် လှပသဖြင့် အိမ်ထောင် ပရိဘောဂများ ပြုလုပ်ရာတွင် အသုံးပြုလေ့ရှိပြီး ယာယီအဆောက်အအုံများ၌လည်း အသုံးပြုကြသည်။
ရုံး (Yone)
အကာသားမှာ အဖြူရောင်မှ အညိုရောင် အထိရှိသည်။
ဂုဏ်သတ္တိနှင့် အသုံးပြုပုံ

အတော်အတန်မာကျော၍ သန်မာသောဖြစ်သည်။ ညီညာချောမွတ်သော မျက်နှာပြင် ရရှိရန် လွယ်ကူပြီး ပျဉ်းပြားများ ခွဲစိတ်အသုံးပြုလေ့ရှိသည်။ ယင်းကို အိမ်ထောင်ပရိဘောဂနှင့် လှည်းများ၊ ကရိယာ လက်ကိုင်ရိုးများအဖြစ် အသုံးပြုလေ့ရှိသည်။
သင်္ကန်း (Thingan)

အရောင်မှာ ဝါညိုရောင်ရှိသည်။
ဂုဏ်သတ္တိနှင့် အသုံးပြုပုံ
အသားမာ၍ အတော်အတန်လေးသည်။ ရေတွင်ကြာရှည်ခံနိုင်ရှည်ရှိပြီး ကျစ်လစ်သော အသားမျှင် များရှိသည်။ ယင်းကို လှည်း၊ လှေနှင့် အဆောက်အအုံများ အိမ်ထောင်ပရိဘောဂများ ပြုလုပ်ရာတွင် သုံးသည်။
ထောက်ကြံ့သား (Htauk Kyant)
အကားသားမှာ နီညိုရောင်ရှိပြီး အနှစ်သားမှာ အညိုရင့်ရောင်ရှိသည်။
ဂုဏ်သတ္တိနှင့် အသုံးပြုပုံ
မာကျော၍ လေးလံသောသစ်ဖြစ်သည်။ ရေတွင်ဆွေးမြေ့လွယ်ခြင်း မရှိသဖြင့် တံတားများနှင့် ရေတွင်မြုပ်မေည့် နေရာများတွင် အသုံးပြုပြီး ယာယီအဆောက်အအုံများ၌လည်း အသုံးပြုသည်။


ကုက္ကို (Kote Ko)

အကာသားမှာ အဝါရောင်ရှိ၍ အနှစ်သားမှာ အညိုရင့်ရောင်ရှိသည်။
ဂုဏ်သတ္တိနှင့် အသုံးပြုပုံ

ယင်းသည် မာကျော၍ ကျွတ်ဆတ်သည်။ ယင်းသစ်ပင်ကို ခုတ်လှဲရာ၌ သတိထား၍ ခုတ်လှမြှသာ အကွဲအအက် နည်းသည့် သစ်ကို ရရှိနိုင်သည်။ အိမ်ထောင်ပရိဘောဂများ၊ ကြမ်းခင်းများနှင့် ယာယီ အဆောက်အအုံများတွင် အသုံးပြုနိုင်သည်။
Reference: BUILDING MATERIALS & CONSTRUCTION ( GTI First Year Civil )

5 people like this post.

ကောင်းသောသစ်များ၏ ဂုဏ်အင်္ဂါရပ်များ

October 04, 2010 :: Posted by - rooney wayne :: Category - Building Technology
ကောင်းသောသစ်များ၏ ဂုဏ်အင်္ဂါရပ်များ
Characteristics of a Good Timber
၁။ အရောင် colour သစ်သားတလျှောက်တွင် အရောင်ညီနေ၍ အရောင်ရင့်ခြင်းသည် ခိုင်မာခြင်းနှင့် ကြာရှည်ခံခြင်းကို ပြသ၏။
၂။ အသံ sound သစ်သားထိပ်ကို တူဖြင့် ရိုက်ကြည့်လျှင် အသံကြည်လင်ပြတ်သားစွာ ပေါ်လာသော သစ်သည်ကောင်းမွန်၍ ထိုင်းမှိုင်းသောအသံ ပေါ်လာပါက ဆွေးမြေ့သော သို့မဟုတ် ပွသောသစ် ဖြစ်နိုင်လေသည်။
၃။ ဖြတ်ကြည့်ခြင်း sawing သစ်သားကို လွှဖြင့်ဖြတ်၍ကြည့်ပါက သစ်သည်ဖွာမနေဘဲ ပြောင်လက်နေလျှင် ခိုင်ခံံ့သောသစ်ဟု ယူဆနိုင်လေသည်။
၄။ အနံ့ smell သစ်သားအနံ့အသက်ကို မှန်းဆခြင်းဖြင့် သစ်အမျိုးအစားကို ခွဲခြားနိုင်သည့်အပြင် သစ်အမျိုးအစားအလိုက် သင်းပျံံ့သော အနံရှိရပေမည်။
၅။ နှစ်ပတ်လည်ကွင်းများ annual ring နှစ်ပတ်လည်ကွင်း ခပ်စိပ်စိပ်ရှိသော သစ်များသည် သိပ်သည်းခြင်း ပိုများ၍ ပိုမိုခိုင်ခံ့သည်ဟု ယူဆနိုင်သည်။
၆။ အချက်များ၊ အကွဲအက်ကြောင်းများ စသည့် အပြစ်အနာအဆာများမှ ကင်းလွတ်ရမည်။
Reference: BUILDING MATERIALS & CONSTRUCTION ( GTI First Year Civil )

3 people like this post.


(c)Copyrighted Space Ideology, All Rights Reserved.
Theme created to help you to: Design My Own Bedding